စီးပွားရေး

ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအသစ်က မြန်မာ့စီးပွားကို ဦးမော့အောင် လုပ်နိုင်မှာလား

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ သက်တမ်း ထက်ဝက်ကျော်လာသည့် အချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမည်ဖြင့် ပြည်ထောင်စုဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုလွှတ်တော်သို့ ယနေ့ သဝဏ်လွှာပေးပို့ခဲ့သည်။

ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သည့် သမ္မတ၏ သဝဏ်လွှာတွင် ကုလသမဂ္ဂ၊နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာက ပေးအပ်သည့် ကူညီထောက်ပံ့မှုများကို နိုင်ငံတော်၏ မူဝါဒ စည်းမျဉ်းများနှင့်အညီ ထိရောက်စွာ ကြီးကြပ်ဆောင်ရွတ်နိုင်ရန် ထိုဝန်ကြီးဌာနကို ဖွဲ့စည်းရန် လိုအပ်နေကြောင်း ပါရှိသည်။

ထို့ပြင် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၏ အရေးပါသည့် အခန်းကဏ္ဍကို မြှင့်တင်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ် န်းကျင်ကို ထိခိုက်မှု မရှိစေရန်၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ႔ဖြိုးတိုးတက်စေရန်အတွက် ထိုဝန်ကြီးဌာနကို ဖွဲ့စည်း ရခြင်းဖြစ်သည်ဟု ပါရှိသည်။

ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးက ဝန်ကြီးဌာနအသစ်ကို ကြိုဆိုကြောင်း ပြောသည်။

ဦးအောင်ကျော်ကျော်ဦးက ၎င်းတို့ ကော်မတီကို လာရောက်ဆွေးနွေးသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများရှိပြီး ၎င်းတို့၏ အခက်အခဲမှာ ဝန်ကြီးဌာန ၆ခုခန့်ဖြင့် ဆက်သွယ်လုပ်ကိုင်နေရသဖြင့် အခက်အခဲများစွာ ရှိသည်ဟု ပြောသည်။

၎င်းက အသစ်ဖွဲ့စည်းသည့် ဝန်ကြီးဌာနက ထိုအခက်အခဲကို ဖြေရှင်းနိုင်ရန်လိုအပ်ပြီး မဖြေရှင်းနိုင်ပါက ထူးခြားမှု ရှိမည်မဟုတ်ဟု ဝေဖန်သည်။

“ရင်းနှီးမြှုပ်နှံမှု တစ်ခုခုလုပ်မယ်ဆိုရင် ဝန်ကြီးဌာနတွေ အများကြီးနဲ့ ညှိနှိုင်းရတာပေါ့။ နောက်ဒေသဆိုင်ရာ အာဏာပိုင်တွေ အများကြီးနဲ့ ညှိနှိုင်းရတာပေါ့။ ရန်ကုန်တိုင်းမှာဆိုရင် ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ညှိနှိုင်းရတာပေါ့။ အဲဒီကိစ္စတွေကို တစ်နေရာတည်းမှာ ပြီးအောင် လုပ်ပေးနိုင်တယ်၊ အဆုံးအဖြတ်ပေးနိုင်တယ်ဆိုရင်တော့ ထိရောက်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ၎င်းက ရင်းနှီးမြှုပ်နှံမှုကော်မရှင်နေရာတွင် ဝန်ကြီးဌာနအနေဖြင့် အစားထိုးလာခြင်းဖြစ်ပြီး တရုတ်-အမေရိကန် ကုန်သွယ်ရေးအကျပ်အတည်းကာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာစေရန် အာဆီယံနိုင်ငံများကဲ့သို့  မြန်မာနိုင်ငံကလည်း ကြိုးပမ်းသည့် ခြေလှမ်းတစ်ရပ် ဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။

လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကတော့ အစိုးရ ဖွဲ့စည်းထားသည့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရှိသော်လည်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်တွင် ရှိနေသည့်အတွက် အခက်အခဲရှိနေသည်ဟု ပြောသည်။

သို့သော်လည်း ယခု ဝန်ကြီးဌာနတစ်ခုအနေဖြင့် ပေါ်ပေါက်လာမည်ဖြစ်သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပိုမိုပြုလုပ်နိုင်မည်ဟု ယူဆကြောင်း ပြောသည်။

“ကုန်သွယ်ရေးက ပြည်တွင်းကုန်သွယ်ရေး ပြည်ပပို့ကုန်အတွက် သီးသန့်လုပ်နိုင်ပြီး ဒါက ရင်းနှီးမြှုပ်နှံမှုကို ပိုပြီး အာရုံစိုက်ပြီး လုပ်လိုက်ရနိုင်တာပေါ့” ဟု ၎င်းက သုံးသပ်သည်။

နိုင်ငံတော်သမ္မတကိုယ်စား ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းတင်ပြရာတွင် ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေး၊ပထဝီဘောဂဗေဒ အခြေအနေတို့ကို ခြံငုံသုံးသပ် စဉ်းစားနိုင်မှသာ ၂၁ ရာစု ကမ္ဘာ့အခြေအနေနှင့် လိုက်လျောညီထွေစွာ ဖြစ်စေနိုင်မည့် အနေအထားတွင် ရပ်တည်နိုင်မည်ဖြစ်သည်ဟု ပြောသည်။

ထို့ပြင် ၎င်းက နိုင်ငံသူ၊နိုင်ငံသား အားလုံး၏ စားဝတ်နေရေး အဆင်ပြေနိုင်ဖို့၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရန် လိုအပ်သည့် ချေးငွေအကူအညီများကို ထိရောက်စွာ ရယူနိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုတွင် အလားအလာရှိသည့် နိုင်ငံများကို ရှာဖွေရန်အတွက် ဝန်ကြီးဌာနအသစ်ကို ဖွဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအသစ် တိုးချဲ့ခြင်းကို လာမည့် ကြာသပတေးနေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များက ဗုဒ္ဓဟူးနေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည် ဖြစ်သည်။

Show More

Related Articles

Back to top button