သတင်း

မြဝတီမြို့အနီးတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိဟုဆို

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ မဲကနယ်ဒေသ၌ နှစ်ရက်ဆက်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့မှ ကော်ဘရာစစ်ကြောင်းက ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တို့ကို KNLA ပူးပေါင်းတပ်ဖွဲ့များက ယခုလ ၁၈ နှင့် ၁၉ ရက်တို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်မှ ၂၄ ဦး သေဆုံးသည်ဟု ဆိုသည်။

ဧပြီ ၁၈ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူများဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားရာ စစ်သား ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရခဲ့ကြောင်း၊ KNLA ပူးပေါင်းအဖွဲ့မှ ၁ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရသည်ဟု သိရသည်။

ယမန်နေ့တွင်လည်း တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး စစ်ကြောင်းထိုး စစ်ကောင်စီဘက်မှ ၂၀ သေဆုံးကာ ဒဏ်ရာရသူ ၁၈ ဦးအထိ ရှိပြီး ၎င်းတို့ဘက်မှ ၁ ဦး သေဆုံးသည်ဟု ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နှစ်ရက်ဆက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံမှ လက်နက်ကြီးလက်နက်ငယ် ၈ လက်အပါအဝင် ကျည်ဆန်၊ ခဲယမ်းများကို သိမ်းယူနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မဲကနယ်ဒေသတိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုများကို စစ်တပ်ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်ရာတွင် မြဝတီမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၂၇၅) က မဲကနယ်နှင့် တုံးတံတားကျေးရွာများဘက်သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ကူပေးခဲ့ကြောင်း တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေသည့် VENOM PDF စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံကလည်း ပြောသည်။

VENOM PDF စစ်ကြောင်းသည် ကော်ဘရာစစ်ကြောင်း (၂) အဖြစ် မဲကနယ်ဒေသတိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေသည့် စစ်ကြောင်းလည်း ဖြစ်သည်။

စစ်ရှောင်အရေး ကူညီပေးနေသူ အမျိုးသမီးတစ်ဦး၏ အဆိုအရ လက်ရှိတွင် မဲကနယ်ရွာ ဒေသခံ ၄၀၀ နီးပါးသည် မြဝတီမြို့ပေါ်ရှိ တောရစာသင်ကျောင်းတွင် စစ်ရှောင်နေရသလို သောင်ရင်းမြစ်ကမ်းနားနှင့် အခြားနေရာများတွင် စစ်ရှောင်နေရသူ ၁,၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရှိရသည်။

မဲကနယ်ဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် အာရှလမ်းမပေါ်တွင်လည်း ကုန်တင်ယာဉ်များ ရာနှင့်ချီပြီး ပိတ်ဆို့မှုများ ရှိနေသည်။

ယမန်နေ့ (ဧပြီ ၁၉ ရက်) အထိ တိုက်ပွဲများကြောင့် အာရှလမ်းတွင် ကုန်တင်ယာဉ်များ သွားမရဘဲ ပိတ်ဆို့နေခြင်းဖြစ်ပြီး ယနေ့ ဧပြီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် အနည်းငယ် ရွေ့လျားသွားနိုင်ပြီဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

“မနေ့ကဆို ရွေ့မရအောင် ပိတ်တာ။ အကုန်ရပ်ထားကြရတာ။ အခုက နေ့လယ်လောက် နည်းနည်းစီ ပြန်သွားလို့ရနေပြီ။ သွားသာသွားနေကြရတယ်၊ ဘယ်အချိန် ဘာထဖြစ်မယ် မသိဘူး” ဟု အာရှလမ်းမတွင် ကုန်တင်ယာဉ်မောင်းနှင်နေသူတစ်ဦးဖြစ်သည့် ကိုမျိုးမင်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်မှ ဧပြီလ ၂၁ ရက်နေ့ထိ ကော့ကရိတ်-မြဝတီ အာရှလမ်းမတစ်လျှောက်ကို ပြည်သူများ သွားလာခြင်းမပြုရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သတိပေးစာ ထုတ်ပြန်ထားသည်။ ယင်းကြေညာချက်နှင့် ပတ်သက်ပြီး အာရှလမ်းမကို ဆက်လက်ပိတ်ပင်မည်၊ ပြန်လည်ဖွင့်လှစ်မည် စသည့် အခြေအနေကို တော်လှန်ရေးအဖွဲ့များဘက်က ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယခင်ကြေညာချက်အရ ဧပြီ ၂၁ ရက်နေ့တွင် အာရှလမ်းမ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သောကြောင့် မြဝတီမြို့ရှိ ယာဉ်လိုင်းများ သွာလာနိုင်မည်ဟု မြဝတီမြို့တွင် နေထိုင်သည့် ကုန်ပစ္စည်းသယ်ယူရေးလုပ်ဆောင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button