သတင်း

ထိုင်း−မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် တိုက်ပွဲများ ဆက်ဖြစ်နေ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီး ကျေးရွာများတွင် ကရင်အမျိုးသားအစည်းအရုံး KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် BGF တို့ ယခုလ ၁၇ ရက်မှ ယနေ့ (ဧပြီ ၁၉ ရက်) အထိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

မြဝတီမြို့အနီး မဲကနယ်ရွာနှင့် မြဝတီအဝေးပြေးကွင်းအနီးရှိ တုံးတံတားကျေးရွာများအနီးတွင် တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းမှလည်း တိုက်ခိုက်နေသည်ဟု ဒေသခံတို့က ပြောသည်။

ယနေ့ နံနက်ပိုင်းတိုက်ပွဲတွင် မြဝတီအခြေစိုက် စစ်ကောင်စီ ခလရ (၂၇၅) တပ်ရင်းက မဲကနယ်နှင့် တုံးတံတားကျေးရွာများဘက်သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်နေသည်ဟုလည်း KNU ပူးပေါင်းတပ်ဖွဲ့ VENOM PDF စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မနေ့ (ဧပြီ ၁၈) ရက်နေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိအခိုက်အသေအဆုံး များတယ်။ အလောင်းတွေလည်း ပွစာထိုးနေတာပဲလို့ ရှေ့တန်းက ရဲဘော်တွေ ပြောတယ်။ အဲ့လိုဖြစ်ပြီးတော့ စစ်ကောင်စီဘက်က ပြန်ဆုတ်သွားတယ်။ ပြီးတော့ အတွဲလိုက်ဒုံးတွေနဲ့ ပစ်တယ်။ အခုမနက်ကို ဂျက်ဖိုက်တာတွေနဲ့ လာပစ်နေတယ်” ဟု Venom PDF စစ်ကြောင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

လက်ရှိအချိန်အထိ တိုက်ပွဲဆက်ဖြစ်နေခြင်းကြောင့် အထိအခိုက်အသေအဆုံး အသေးစိတ်ကို စုံစမ်း၍ မရသေးပါ။ စစ်ကောင်စီပြောခွင့်ရထံလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါ။

ဧပြီလ ၁၈ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်သားအချို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်ဖွဲ့ဝင်ဝတ်စုံများဝတ်ဆင်ကာ အယောင်ဆောင် စစ်ကြောင်းထိုးလာခြင်းကြောင့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း Venom PDF စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး လက်နက်အချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်လေ့ရှိသည့်နေရာနှင့် အလွန်နီးကပ်သော မဲကနယ်ကျေးရွာ ဒေသခံအများစုမှာ တိမ်းရှောင်နေကြရကြောင်းလည်း စစ်ရှောင်အရေးကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် မြဝတီမြို့ပေါ်ရှိ တောရစာသင်ကျောင်းတွင် မဲကနယ်ကျေးရွာဒေသခံ ၄၀၀ နီးပါး စစ်ရှောင်နေရဆဲဖြစ်ပြီး သောင်ရင်းမြစ်ကမ်းနားနှင့် အခြားနေရာများတွင် တိမ်းရှောင်နေရသူ ၁,၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ်၏ အဓိကကုန်သွယ်ရေးလမ်းမဖြစ်သော အာရှလမ်းမကို KNU/KNLA ပူးပေါင်းတပ်ဖွဲ့များက ယခုလ ၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ သွားလာခြင်းမပြုရန် တားမြစ်ထားသည်။ သို့သော် ယခုလ ၁၇ ရက်နေ့မှစ၍ ထိုအာရှလမ်းမကို ကုန်တင်ယာဉ်များ ပြန်လည်အသုံးပြုနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button