သတင်း

ထိုင်း-မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်တစ်ဝိုက် တိုက်ပွဲဆက်ဖြစ်နေ

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်တစ်ဝိုက်တွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့နှင့် KNU လက်အောက်ခံတပ်များအကြား ယနေ့ (ဧပြီလ ၁၂) အထိ တိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်သည်ဟု သိရသည်။

မြဝတီမြို့အနီး မဲကနယ်ကျေးရွာအုပ်စုအနီးတွင် တိုက်ပွဲဆက်ဖြစ်နေပြီး ယနေ့ နံနက် ၇ နာရီမှ မွန်းလွဲပိုင်းအထိ စစ်ကောင်စီဘက်က လေကြောင်းမှ သုံးကြိမ်တိုက်ခိုက်ခဲ့သည်ဟု KNU လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အတွင်းမဲကနယ်၊ အပြင်မဲကနယ်နှင့် တုံးတံတားကျေးရွာများရှိ လူနေအိမ်များ ထိခိုက်ပျက်စီးကြောင်းနှင့် တိုက်ပွဲဆက်ဖြစ်နေသဖြင့် အသေးစိတ် မသိရှိရသေးကြောင်း ထို KNLA အရာရှိက ဆိုသည်။

မြဝတီမြို့နှင့် ၈ မိုင်ခန့်သာ ကွာဝေးသည့် ကော့ကရိတ်ခရိုင်၊ သင်္ကန်းညီနောင်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ကူနေသည်ဟုလည်း ဆိုသည်။ 

“သူတို့ ရှေ့တိုးလို့မရတဲ့အခါ အကျအဆုံး အထိအခိုက်များတဲ့အခါကျရင် ပြည်သူ့ဧရိယာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ အမြဲလုပ်တယ်” 

စစ်ကောင်စီဘက်မှ BGF တပ်ဖွဲ့ပါဝင်ပြီး  KNU လက်အောက်ခံ ပူးပေါင်းတပ်များတွင် KNU တပ်မဟာ (၆) မှ KNLA စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings စသည့် စစ်ကြောင်းများ ပါဝင်သည်ဟု သိရသည်။

မြဝတီမြို့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအနီးတွင် ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့မှစ၍ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။​ နယ်ခြားစောင့်တပ်ဖွဲ့ပိုင် အဓိကစီးပွားရေးစီမံကိန်းကြီးဖြစ်သော ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအနီးရှိ BGF ကင်းစခန်းအချို့ကို ယခုလ ၅ ရက်တွင် KNU လက်အောက်ခံ ပူးပေါင်းတပ်များက စတင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ထိုဒေသအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။​

တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံများ သောင်ရင်းမြစ်ကို ကူးကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် မြဝတီမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသူများလည်း ရှိနေသည်။ 

“လက်ရှိ မြဝတီမြို့ပေါ် တက်ပြေးကြတာများတယ်။ မြို့နဲ့က နီးတော့။ ကျန်သူတွေက သောင်ရင်းမြစ်နားဘက် ပြေးကြတာများတယ်။ မဲကနယ်နဲ့ နီးတဲ့ သောင်ရင်းမြစ်က ထိုင်းဘက်ခြမ်း ကူးလို့မရတော့ မြစ်နားပဲ နေကြရတယ်” ဟု မြဝတီမြို့မှ စစ်ရှောင်အရေးကူညီပေးနေသူ အမျိုးသားတစ်ဦးက ဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်ထိ ကရင်ပြည်နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင်ဦးရေ ငါးသိန်းကျော် ရှိလာပြီဖြစ်ကာ တိုက်ပွဲများကြောင့် ဘားအံ-မြဝတီ အာရှလမ်းမကြီးတစ်လျှောက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလည်း ရပ်တန့်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button