သတင်း

ဖားကန့် ပစ်ခတ်မှုများတွင် ဒုရဲအုပ်တစ်ဦးနှင့် KIA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မတ်လ ၂၆ ရက်နေ့ ပစ်ခတ်မှု နှစ်ခုတွင်  ဒုရဲအုပ်တစ်ဦး၊   ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု မြို့ခံများက ပြောသည်။

ထိုနေ့ ညနေ ၅ နာရီခန့်က  မမုံကျေးရွာနှင့် ဆိပ်မူကျေးရွာအကြား လမ်းပေါ်တွင် အရပ်ဘက်သုံးကားဖြင့် ကင်းလှည့်နေသည့် ရဲများကို  KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်ညီညီထက်အောင် သေဆုံးသွားသည်။

“ကားလမ်းပေါ်မှာပဲ၊ ဘဇံချောင်တောင်ထိပ်နားပေါ့ အဲဒီနားမှာပစ်ခံရတာ၊ သေသွားတယ်။ ဒီနေ့မနက်တော့ အဲဒီရဲ နေတဲ့   ရဲတပ်ရင်းမှာ တိတ်ဆိတ်နေတာပဲ” ဟု အသက် ၄၀ ကျော်အရွယ် ဖားကန့် မြို့ခံ အမျိုးသားတစ်ဦးက  ပြောသည်။

သေဆုံးသူ ဒုရဲအုပ်ညီညီထက်အောင်မှာ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီးအခြေစိုက်သော ရဲတပ်ရင်း(၂၈)မှ ဖြစ်ကြောင်း သိရသည်။

ရဲကား ပစ်ခတ်ခံရပြီး များမကြာမီ   ဆိုင်းတောင်ရွာအတွင်း အရပ်ဝတ်ဖြင့် သွားလာနေသည့် KIA တပ်ဖွဲ့ဝင်တစ်ဦးလည်း  စစ်တပ်နှင့် တိုးကာ ပစ်သတ်ခံရသည်ဟု KIA, PDF တို့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

“သူက ဘယ်ကပြန်လာလဲ မသိဘူး၊ ပြေးသွားတာပေါ့။ အဲဒီအချိန် ရဲကားက အပစ်ခံထားရပြီးပြီ။ အဲဒီမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက ပစ်လိုက်တာ၊ နောက်ကနေ မှန်သွားတာ” ဟု အဆိုပါ အသက် ၃၀ ကျော်ရွယ် ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်က သတင်းထုတ်ပြန်ခြင်းမရှိသလို KIA ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရန်လည်း ဆက်သွယ်၍မရသေးပေ။

ကျောက်စိမ်းလုပ်ကွက်နှင့် နီးစပ်သဖြင့် အနယ်နယ် အရပ်ရပ်မှ လာရောက်လုပ်ကိုင်သူများနှင့် စည်ကားသော ဖားကန့်နှင့် အနီးဝန်းကျင် ရွာများတွင် တိုက်ပွဲများ ငြိမ်သက်နေသည်မှာ တစ်ပတ်ကျော်ခန့်ကြာမြင့်နေပြီး စစ်ကောင်စီတပ်က ပုံမှန်ပြု လုပ်လေ့ရှိသည့် လက်နက်ကြီးပစ်ခတ်မှုလည်း ရပ်နားထားသည်ဟု သိရသည်။

အရပ်သားများမှာ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိပြီး စစ်ကောင်စီတပ်က ပုံမှန် အတိုင်း စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံများက ယမန်နေ့ (မတ် ၂၇) နံနက်ပိုင်းတွင် ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ ကချင်ဒေသ တွင်လည်း တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်သည့် ဖားကန့်မြို့ကို စစ်ကောင်စီတပ်နှင့် KIA တို့က နယ်မြေစိုးမိုးရန် ကြိုးစားနေပြီး  ကချင်ပြည်နယ်တွင် ဖားကန့်မြို့နယ်သည် တိုက်ပွဲအများဆုံးမြို့နယ် အဖြစ် ရပ်တည်နေသည်။

ပြီးခဲ့သည့် မတ် ၁၂ ရက် က ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခု တိုက်ခိုက်ခံရမှုတွင် အပြန်အလှန် ပစ်ခတ်မှုများအတွင်း ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။ ထိုစဉ်ကလည်း ကင်းလှည့်ပြီး ပြန်လာသော ရဲကားကို စခန်းအဝင်ဝ၌ KIA,PDF ပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button