
ပြန်လည်ဖွင့်လှစ်ခွင့် မရရှိသေးသည့် ဝဒေသရှိ ဘုရားရှိခိုးကျောင်းနှင့် ကျမ်းစာသင်ကျောင်းတို့ကို ပြန်လည်ရရှိရန်အတွက် ဝပြည်လက်နက်ကိုင်အဖွဲ့ထံ စာဖြင့် တောင်းဆိုမည်ဟု အဆိုပါကျောင်းများကိုအုပ်ချုပ်သည့် ခရစ်ယာန်ဂိုဏ်းအဖွဲ့မှ ဆရာတော်တစ်ပါးက Myanmar Now ကို ပြောသည်။
‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ရာဒေသများရှိ ဘုရားရှိခိုးကျောင်း ၅၀ ကျော်ကို လွန်ခဲ့သည့်တစ်နှစ်ကျော်က ပိတ်သိမ်းခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ အချို့ကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။
UWSA အုပ်ချုပ်သည့် ဒေသတွင် ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်း ၈ ကျောင်းအနက် ၆ ကျောင်း ပိတ်သိမ်းခံထားရပြီး၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျန်ရှိဘုရားကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရာတွင် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) လက်အောက်ရှိ ကျောင်းအားလုံး ပါဝင်ခဲ့သည်။
သို့သော် ပိတ်သိမ်းခဲ့သော ဘုရားကျောင်းများအနက်၊ ပန်ဆန်းမြို့ရှိ ပန်ဆန်း ခရစ်ယာန်ဘုရားကျောင်းနှင့် ဟိုတောင်းမြို့ရှိ ခရစ်ယာန်ကျမ်းစာကျောင်းတို့မှာ ပိတ်သိမ်းခံထားရဆဲဖြစ်သည်ဟု KBC ဥက္ကဋ္ဌ ဒေါက်တာ ခလန်ဆမ်ဆွန်က ပြောသည်။
ဒေါက်တာခလန်ဆမ်ဆွန်၏ အဆိုအရ ပန်ဆန်းခရစ်ယာန်ဘုရားကျောင်းကို ‘ဝ’ စာပေနှင့် ယဉ်ကျေးမှုရုံးဟူ၍ နာမည်ပြောင်းကာ UWSA က အသုံးပြုနေသည်ဟု ဆိုသည်။
“ပြန်ဖွင့်ပေးဖို့တော့ စာတင်ဖို့ လုပ်နေတယ်။ သူတို့ ‘ဝ’ စာပေနဲ့ ယဉ်ကျေးမှု လုပ်လိုက်တဲ့ရုံးကို အရင်တုန်းကပုံစံအတိုင်း ဘုရားကျောင်းအနေနဲ့ ပြန်ပြီးတော့ ပေးဖို့ပေါ့” ဟု ဒေါက်တာ ခလန်ဆမ်ဆွန်က ပြောသည်။
UWSA ထံ စာတင်မည့်ကိစ္စနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (MBC) အပါအဝင် အခြားအဖွဲ့များထံ ထောက်ခံချက်တောင်းနေဆဲဖြစ်ပြီး ခရစ္စမတ်ကာလအပြီးတွင် ဆက်လက်လုပ်ဆောင်သွားမည်ဟု KBC ဥက္ကဋ္ဌက ဆိုသည်။
MBC ၏ ရှမ်းပြည်နယ်မြောက်ပိုင်းတာဝန်ခံ ဆရာတော် ကျော်နိုင်ဝင်းက ပန်ဆိုင်းမြို့ပေါ်ရှိ ဘုရားကျောင်းသည် သက်ဆိုင်ရာဒေသ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့သောကြောင့် ညှိနှိုင်းလျှင် ပြန်ရနိုင်မည်ဟု ယုံကြည်သည်ဟု ပြောသည်။
ယမန်နှစ်က ဝ ဒေသရှိ ဘုရားကျောင်းများကို ပိတ်သိမ်းခဲ့စဉ် နိုင်ငံတကာသတင်းစာမျက်နှာများတွင် အဆိုပါကိစ္စမှာ ခေါင်းကြီးသတင်းအဖြစ် ပျံ့နှံ့ခဲ့သည်။
“တချို့အကျိုးဆောင်တွေ၊ ဆရာတော်တွေကိုတော့ စိစစ်မှုတွေ ပြုလုပ်ပြီးပြီ။ ပြင်ပကနေ လာရောက်ပြီးတော့မှ သာသနာပြုလို့တော့မရဘူး။ တချို့နေရာ ရွာတွေမှာက မလိုလားအပ်ဘဲနဲ့ ဘုရားကျောင်းတွေ တစ်ခုနဲ့တစ်ခု အငြင်းပွားကြလို့ ကျွန်တော်တို့က ပြဿနာဖြစ်မှာစိုးလို့ ထိန်းသိမ်းတဲ့သဘောပါ” ဟု UWSA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောသည်။
“တချို့ဆရာတော်တွေက အစွန်းရောက်ဟောပြောတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
သိမ်းဆည်းထားဆဲ ဘုရားကျောင်းများနှင့်ပတ်သက်၍ ‘ဝ’ ပြည်နယ် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်ရမည်ဟု ဦးညီရန်းက ပြောသည်။ ထို့ပြင် ဘုရားကျောင်းများ ဖျက်ဆီးခဲ့ခြင်းမှာ တရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အအုံများအား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက Myanmar Now ကို ယမန်နှစ် ဘုရားကျောင်းများ ပိတ်သိမ်းခဲ့စဉ်က ပြောခဲ့ဖူးသည်။
ရှမ်းပြည်နယ် ကျိုင်းတုံအခြေစိုက် လားဟူနှစ်ခြင်းအဖွဲ့ချုပ် (ရှမ်း/ ရှေ့) ၏အဆိုအရ ‘ဝ’အထူးဒေသတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၅၂) ကျောင်းကို ချိပ်ပိတ်ခဲ့ပြီး (၃) ကျောင်းကို ဖြိုချခဲ့ကြောင်း၊ ဓမ္မအမှုတော်ဆောင် (၉၂) ပါးကို ဖမ်းဆီးခဲ့ပြီး ကျမ်းစာကျောင်းသားများအားလည်း စစ်မှုထမ်းစေခဲ့ကြောင်း ပြောခဲ့သည်။