သတင်း

ပဋိပက္ခဖြစ်ပွားခဲ့သည့် ရွှေပေါ်ကျွန်းဆရာတော်ကို ဆက်လက်သီတင်းသုံးခွင့်မပြုရန် ဒေသခံများတောင်းဆို

ပဋိပက္ခဖြစ်ပွားခဲ့သည့် ရွှေပေါ်ကျွန်းသာသနာပြုစခန်းတွင် မလိုလားအပ်သည့်ကိစ္စများ ထပ်မဖြစ်ပွားစေရန်အတွက် ကျောင်းထိုင်ဆရာတော် ဦးကုမာရကို ဆက်လက်သီတင်းသုံးခွင့် မပြုရန် သာသနာရေးဦးစီး၊ သံဃာ့နာယကအဖွဲ့နှင့် အုပ်ချုပ်ရေးမှူးရုံးတို့ထံ ယင်းဒေသတွင် သီတင်းသုံးနေသော ဆရာတော်များနှင့် ရွာပေါင်း ၄၀ မှဒေသခံများက စာပေးပို့ တောင်းဆိုထားသည်။

အဆိုပါ စာပေးပို့ တောင်းဆိုထားမှုနှင့် ပတ်သက်၍ မန္တလေးတိုင်းသံဃနာယကအဖွဲ့မှ မစိုးရိမ်တိုက်ဟောင်းဆရာတော် ဦးဝိစိတ္တဘိဝံသကို ဆက်သွယ်မေးမြန်းရာတွင် ဝင်စာတွေက ပြန်မကြည့်ရသေးဘူး။ တင်ထား မတင်ထား မသိရသေးဘူး။ ဦးဇင်းအနေနဲ့ မှတ်ချက်မပေးလိုပါဘူး။ သူတို့ကိုပဲမေးပါ ဟု မိန့်သည်။

မလှိုင်မြို့နယ်၊ ရေငံအုပ်စု၊ ရွှေပေါ်ကျွန်းကျေးရွာ စေတော်ဝင် ရွှေပေါ်ကျွန်းသာသနာပြုစခန်းတွင် ကျောင်းထိုင်ဆရာတော် ဦးကုမာရအား ယခုနှစ်တွင် ဝါဆိုခွင့်မပြုကြောင်းနှင့် ကျောင်းမှထွက်ခွာပေးရန် ဇူလိုင် ၁၂ ရက်နေ့ နံနက်ပိုင်းက ဒေသခံ လူတစ်ရာခန့် စုဝေးကာ သွားရောက် တောင်းဆိုခဲ့သည်။

ယင်းသို့ သွားရောက်တောင်းဆိုရာမှ ပြဿနာဖြစ်ပွားကာ ဒေသခံများက ယင်းကျောင်းထိုင်ဆရာတော် ဦးကုမာရကို ဝင်ရောက်ရိုက်နှက်ခဲ့သလို ဒေသခံများလည်း ဓားဖြင့်အခုတ်ခံရ၍ ဒဏ်ရာရရှိခဲ့ကြောင်း နှောကန်ရဲတပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

‌” ကျောင်းကိုသွားပြီးဝါမဆိုဖို့ အေးချမ်းစွာနဲ့ တောင်းဆိုကြတာပါ။ ဘာ တုတ်၊ဓား၊လက်နက်မှ မပါပါဘူး။ ဘုန်းကြီးတူက အရင် ရွာသားတစ်ဦးကို ဓားနဲ့ခုတ်လိုက်တော့ သွေးမြင်တော့ အားလုံးက သွေးဆူကုန်ကြတာ၊ ကိုယ့်ရွာသားခံရတာမြင်တော့ ထိန်းမနိုင်သိမ်းမနိုင်တွေ ဖြစ်ကုန်ပါတယ် ဟု ဒေသခံ ဦးမောင်ဆန်းက ပြောသည်။

ဘုန်းကြီးတူက အရင် ဓားနှင့်ခုတ်သည်ဟု ဒေသခံများ ပြောဆိုမှုကို နှောကန်ရဲစခန်းမှူး ရဲအုပ်အေးမင်းအား မေးမြန်းရာတွင် “ဘယ်သူကစခုတ်တယ်ဆိုတာ မသိရသေးပါဘူး၊ စစ်တုန်းဆေးတုန်းပါ။ ဘုန်းကြီးတူကိုလည်း ဖမ်းဖို့ ဆောင်ရွက်နေပါတယ်။ ဘယ်မှာလဲမသိသေးတော့ စုံစမ်းနေဆဲရှိသေးတယ် ဟု ပြောဆိုသည်။

ဒေသခံတို့က ဆရာတော်ဦးကုမာရအား ကျောင်းတွင်ကိုးကွယ်ရန် လက်မခံနိုင်ရခြင်းမှာ စေတော်ဝင်ကျောင်းဆရာတော် ဦးကုမာရသည် ၎င်းနှင့်အဆင်မပြေလျှင် မီးများဖြတ်တောက်ခြင်း၊ သောက်သုံးရေကန်များ အသုံးပြုခွင့်မပြုခြင်း၊ အလှူအတန်းကိစ္စများတွင် ပိတ်ပင်မှုများပြုခြင်းတို့ လုပ်ဆောင်သည့်အတွက် ဒေသခံများနှင့် မပြေလည်သည်မှာ ကြာပြီဖြစ်ကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

ဆရာတော် ဦးကုမာရအပေါ် ဒေသခံများ၏ ပြောဆိုမှုများနှင့် ပတ်သက်၍ Myanmar Now က အဆိုပါကျောင်း၏ ဂေါပက ဦးတင်မြင့်ကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းသည် ပြဿနာများဖြစ်ပွားပြီးမှ ကျောင်းအတွင်းလာရောက် စောင့်ရှောက်ရသူဖြစ်သဖြင့် ရွာနှင့်ဆရာတော်ကြားမှ ပြဿနာများ၊ ဆရာတော်မှ သာသနာပြု စခန်းအတွင်း ရေခ၊မီးခ ကောက်ခံသည့်နှုန်းထား အဝဝကို အလုံးစုံ မသိရှိကြောင်းသာ ပြန်လည်ဖြေဆိုသည်။

“ဟိုးအရင်တုန်းကတော့ ရွာကို ရေပေးမီးပေးခဲ့တာပေါ့။ ခုက သာသနာပြုစခန်းအတွင်းပဲ ပေးတော့တယ်။ စည်းကမ်းချက်တွေကတော့ ထုတ်ထားတယ်။ နိုင်ငံတော်ပုံစံပဲ၊ ဆရာတော်က မတည့်လို့ဖြတ်တာထက် စည်းကမ်းချက်ကြောင့် ဖြတ်တာများပါတယ်။ ဘုန်းကြီးကျောင်းမှာတော့ ကျောင်းထိုင်ဘုန်းကြီးဆိုတာတော့ ရှိရမှာပါပဲ ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ပဋိပက္ခတွင်ပါဝင်သည့် ဒေသခံ ၁ဝဝ ကျော်ကို မလှိုင်မြို့မရဲစခန်းတွင် (ပ) ၃၆/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၄၂၊ ၃၃၆၊ ၃၂၅၊ ၃၂၃၊ ၂၉၅၊ ၄၂၇၊ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားပြီး ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်နေကြောင်း နှောကန်ရဲစခန်းမှူး ရဲအုပ်အေးမင်းကပြောသည်။

ကျွန်မတို့ဘက်က ရွာသားတွေကို ဖမ်းဆီးသလို ဘုန်းကြီးဦးကုမာရဘက်က လူတွေကိုလည်း ဖမ်းဆီးအရေးယူ သင့်ပါတယ်၊ သူတို့ဘက်ကိုကျတော့မဖမ်းဘူးဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

သို့သော် နှောကန်ရဲစခန်းမှူး ရဲအုပ်အေးမင်းက ယင်းဖြစ်စဉ်တွင် ဖမ်းဆီးရမည့်သူများ ကျန်ရှိနေသေးပြီး အဓိက ပါဝင်ခဲ့သူများအားလုံးကို ဖမ်းဆီးသွားမည်ဖြစ်ကြောင်း၊ တစ်ဖက်ကိုသာ ဖမ်းပြီး နောက်တစ်ဖက်ကို မဖမ်းဘဲနေခြင်း မဟုတ်ကြောင်း ပြောဆိုသည်။

အဲဒီဖြစ်စဉ်မှာ ဒဏ်ရာရသူတွေ စခန်းကိုစစ်ဖို့ ခေါ်တယ်သူတို့ကဖမ်းမှာကြောက်ပြီး မလာကြဘူးဓားခုတ်ခံရတဲ့တစ်ယောက်တော့ ဆေးရုံဆင်းပြီ၊ သူ့ကိုစစ်ဆေးရမယ်ဆရာတော်ကြီးကတော့ ယိုးဒယားမှာ ဆေးသွားကုနေတယ်ဟု ဆက်ပြောသည်။

ရွှေပေါ်ကျွန်းသာသနာပြုစခန်း၏ လက်ရှိ ဆရာတော်ဦးကုမာရသည် စေတော်ဝင် ရွှေပေါ်ကျွန်းသာသနာပြုစခန်း တည်ထောင်ခဲ့သော ရွှေပေါ်ကျွန်းဆရာတော် ပျံလွန်တော်မူပြီး ၁၉၉၉ ခုနှစ်မှစ၍ သီတင်းသုံး နေထိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရွှေပေါ်ကျွန်းသာသနာပြုစခန်းတွင် ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ဖြင့် လုံခြုံရေးချထားပြီး ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဒေသခံ ခြောက်ဦးကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Show More

Related Articles

Back to top button