
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဘန်ကောက်ကျေးရွာမှ လီဆူအရပ်သား ၃ ဦးအား ကေအိုင်အေတပ်ဖွဲ့များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များအတွက် ကေအိုင်အေစစ်သားများအား ဖမ်းဆီးစစ်ဆေးနေကြောင်း ယင်းအဖွဲ့၏ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက Myanmar Now ကို ပြောသည်။
အသက် ၁၇ နှစ်မှ ၅၅ နှစ်အရွယ်အတွင်းရှိ လီဆူ အမျိုးသား ၄ ဦးသည် ဖားကန့်မြို့နယ်အတွင်းရှိ ရွှေမှော်တစ်ခုဖြစ်သည့် ဘန်ကောက်ကျေးရွာအနီး ရွှေတူးဖော်နေစဉ် မတ်လ ၁၁ ရက်က ကချင်ပြည် လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ) တပ်သားများက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ရှိ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်းက Myanmar Now ကို ပြောသည်။
ဖမ်းဆီးခံရသူများအနက်မှ အသက် ၄၅ နှစ်အရွယ် ဦးဖော်လီဆာသည် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်သုံးဦးအား ကေအိုင်အေစစ်သားများက သတ်ဖြတ်ခဲ့ကြောင်း လီဆူများဘက်က စွပ်စွဲခဲ့သည်။ ဦးဖော်လီဆာသည် ဖမ်းဆီးခံခဲ့ရစဉ် ရရှိခဲ့သည့် ဒဏ်ရာများကြောင့် မြစ်ကြီးနားမြို့ တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
“ကျွန်တော်တို့ လီဆူတွေဟာ တောထဲတောင်ထဲမှာ သစ်ဥသစ်ဖုကို အရင်ခေတ်အဆက်ဆက် လွတ်လွတ်လပ်လပ်နဲ့ ရှာဖွေစားသောက်ခဲ့တာဖြစ်တယ်။ ဒါကို ကန့်သတ်နယ်မြေတို့ မကန့်သတ်နယ်မြေတို့ ပြောပြီး ဖမ်းဆီးသတ်ဖြတ်တဲ့ အကြောင်းပြချက်ကို လက်ခံလို့မရဘူး” ဟု ဦးရွှေမင်းက ပြောသည်။
အရပ်သားများအား သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ၎င်းတို့စစ်သားများအား စုံစမ်းစစ်ဆေးရန် အောက်ခြေတပ်ဖွဲ့များထံ ညွှန်ကြားထားကြောင်း ကေအိုင်အေ၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။ စုံစမ်းစစ်ဆေးခံနေရသည့် ကေအိုင်အေစစ်သား အရေအတွက်နှင့် မည်ကဲ့သို့ စစ်ဆေးနေသည်ကိုတော့ ဗိုလ်မှူးကြီးနော်ဘူက အသေးစိတ် မပြောခဲ့ပါ။
“ကျွန်တော်တို့မှာ စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ် မလုပ်သင့်တာကို လုပ်တဲ့ဟာကိုတော့ အရေးယူတဲ့ ဟာတွေရှိပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ မည်သို့အရေးယူကြောင်း အသေးစိတ်ကိုတော့ ပြောမသွားပေ။
အရပ်သားများ သေဆုံးခဲ့မှုအတွက် ကေအိုင်အေ၊ လီဆူညှိနှိုင်းရေးကော်မတီ နှင့် ငြိမ်းချမ်းရေးအကျိုးဆောင် တို့အကြား မေလ ၂၁ ရက်က မြစ်ကြီးနားတွင် ၃ ပွင့်ဆိုင် ဆွေးနွေးခဲ့ပြီးနောက် သေဆုံးသူများအတွက် ၁ ဦးလျှင် ကျပ်သိန်း ၁၅၀ နှင့် ဒဏ်ရာရသူအတွက် ကျပ်သိန်း ၄၀ ပေးရန် ကေအိုင်အေဘက်က သဘောတူခဲ့ကြောင်း မြန်မာနိုင်ငံ လီဆူစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။