တူရကီနိုင်ငံ မြို့တော်အစ္စတန်ဘူ ဒေသအဆင့် ရွေးကောက်ပွဲများ ကျင်းပရာ အတိုက်အခံက အနိုင်ရပြီး၊ အာဏာရပါတီ ရှုံးသွားပြီးနောက် မဲပြန်ပေးကြရန် ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို အများက ရှုတ်ချလျက်ရှိကြသည်။
အတိုက်အခံ CHP ပါတီက ကပ်သီလေး အနိုင်ရသွားခဲ့သော ရွေးကောက်ပွဲတွင် ပုံမှန်မဟုတ်သော အဖြစ်များ၊ အကျင့်ပျက်မှုများ ရှိနေသည်ဟု လက်ရှိသမ္မတ ရီဆက်တေရစ်အာဒိုဂန်၏ ပါတီ (ရှုံးသွားသော AK Party )က ပြောကြားထားသည်။
မဲပြန်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းသည် သစ္စာမဲ့သော လုပ်ရပ်ဟု အစ္စတန်ဘူမြို့တော်ဝန်ရာထူးကို ရရှိပြီဟု မဲရလဒ်ဖြင့် အတည်ပြုမှုရထားသော CHP ပါတီမှ အီခရမ်အီမာ မိုဂလူ က ပြောကြားခဲ့ပေသည်။
ဇွန်လ ၂၃ ရက်နေ့တွင် ရွေးကောက်ပွဲ ပြန်လုပ်ရန်အတွက် ဆုံးဖြတ်လိုက်ရာ မကျေနပ်မှုများ ထွက်ပေါ်လာပြီး ဆန္ဒပြပွဲများ ဖြစ်ပေါ်လျက်ရှိသည်။
ရာပေါင်းများစွာသော မြို့တော်သူ မြို့တော်သားများက အိုးများ၊ ဒယ်အိုးများကို တီးခတ်ကာ အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်နေကြသည်။
ရွေးကောက်ပွဲကို ပြန်လုပ်ရမည်ဟု ဆုံးဖြတ်လိုက်ခြင်းသည် တူရကီရှိ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများ၏ ဂုဏ်သိက္ခာကို အဆုံးသတ်စေကြောင်း ဥရောပ EU ပါလီမန် က ပြောကြားထားသည်။
အချို့သော ရွေးကောက်ပွဲ အရာရှိများသည် ဝန်ထမ်းများ မဟုတ်ကြကာ အချို့သော မဲရလဒ်စာရွက်များသည် လက်မှတ်ရေးထိုးထားခြင်း မရှိသဖြင့် ရွေးကောက်ပွဲ ပြန်လုပ်ရခြင်း ဟု ရွေးကောက်ပွဲဘုတ်အဖွဲ့မှ AKP ပါတီ ကိုယ်စားလှယ်ဖြစ်သူ ရီဆက်အိုဇယ်က ဆိုသည်။
အာဏာရပါတီ AK Party ကို အနိုင်ယူခြင်းမှာ တရားမဝင်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု CHP ပါတီ ဒုတိယဥက္ကဋ္ဌ အိုနူဆယ်အဒီဂူဇယ်က ဝေဖန်ပြောကြားလိုက်သည်။
ပြန်ရွေးကောက်ခံရမည်ဟု ဆုံးဖြတ်လိုက်ခြင်းသည် ဗြောင်ကျကျ အာဏာရှင်ဆန်လိုက်ခြင်း ဖြစ်သည်ဟု မစ္စတာ အဒီဂူဇယ် က Twitter တွင် ရေးသားဖော်ပြထားသည်။
“စနစ်ဟာ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး ဥပဒေကို ထည့်မစဉ်းစားခြင်းဟာ ဒီမိုကရေစီမဆန်သလို ဥပဒေနဲ့လည်း မညီပါဘူး” ဟု ၎င်းက ရေးသားထားသည်။
လူမှုကွန်ရက်မီဒီယာပေါ်တွင် မိန့်ခွန်းထုတ်လွှင့်ခဲ့သော မြို့တော်ဝန်လောင်း မဲနိုင်သူ အီခရမ်အီမာမိုဂလူ ရွေးကောက်ပွဲဘုတ်အဖွဲ့ကို အာဏာရပါတီက ကြီးစိုးထားကြောင်း ပြောကြားရင်း ဘုတ်အဖွဲ့ကို ရှုတ်ချလိုက်သည်။
Ref: BBC