စီးပွားရေး

ဖားကန့်တွင် နွံနစ်သဖြင့် အလုပ်သမား ၅ဝ ကျော် ပျောက်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန့်နေ့ညက နွံအိုင်တစ်ခု ပြိုကျသဖြင့် နွံဖုံးလွှမ်းသွားသော ကျောက်စိမ်းတူးနေသည့်နေရာတွင်  လုပ်ကိုင်နေသူ ၅ဝ ထက် မနည်းကို ကယ်ဆယ်နိုင်ရန် လုပ်ဆောင်နေကြောင်း၊  ရုပ်အလောင်း ၁ ခု ဆယ်ယူ ရရှိထားကြောင်း ရဲတပ်ဖွဲ့က ယနေ့ ပြောသည်။

လုပ်ကွက်ဟောင်းတစ်ခုမှ အဆိုပါ နွံအိုင်သည် မြို့အနောက်ဘက် ၅ ဧကထက်မနည်း ကျယ်ဝန်းသည့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်ဘေးတွင် တည်ရှိသည်ဟု ဆိုသည်။

“လောလောဆယ်တော့ ဘယ်လိုကယ်ဆယ်ရမလဲ ဆိုတာကို အာရုံစိုက်ထားရတယ်” ဟု ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး သန်းဝင်းအောင်က ပြောသည်။

ပျောက်ဆုံးနေသည့်အထဲတွင် လုပ်ငန်းသုံး ယာဉ်၊ ယန္တရားများလည်း ပါဝင်ကြောင်း သူက ဆက်ပြောသည်။

ရုပ်အလောင်းတစ်ခုကို နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အလုပ်သမားတစ်ဦးသည် မြို့နယ် ဆေးရုံအရောက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ယခင်က တွေ့ရသည့် နွံကန် မှတ်တမ်းဓာတ်ပုံ။ ဓာတ်ပုံ – ဇော်မိုးထက် (ဖားကန့်)

ယမန်နေ့ညဉ့်သန်းခေါင်ယံတွင် မြန်မာသူရ၊ နဂါးကိုးကောင်၊ KNGCP စသည့် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီများမှ ညဆိုင်း ဝန်ထမ်းများ လုပ်ငန်းခွင် ဝင်နေစဉ် ပေါ်ပေါက်ခဲ့သော  ထိုဖြစ်ရပ်ကြောင့် မြေသယ်ကား ၁၉ စီး၊ ဘက်ဟိုး ၁၆ စီး၊  မြေပေါက်စက် ၅ စီးလည်း နစ်မြုပ် ပျောက်ဆုံးနေကြောင်း သိရသည်။

ကျောက်မျက်တူးဖော်သည့် လုပ်ကွက်ဟောင်းသည်  ရေနှင့် တူးဖော်ထားသည့် မြေစာများ ရောနှောသွားပြီး နွံကန် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် မိုးရာသီတွင် သက်တမ်းပြည့်သွားသဖြင့် ရပ်ဆိုင်းလိုက်သည့် လုပ်ကွက်ဟောင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ မည်သည့်ကုမ္ပဏီက ပိုင်ဆိုင်ခဲ့ ခြင်းဖြစ်ကြောင်း မသိရသေးပေ။

နွံကန် ပြိုကျသွားပြီးနောက် အောက်ဘက်ရှိ လုပ်ကွက်ကို နွံဖုံးသွားသည်။ ဓာတ်ပုံ – ဇော်မိုးထက် (ဖားကန့်)

ဖားကန့်ဒေသ အခြေစိုက် သင်္ဂဟနာရေးကူညီမှုအသင်းက နွံအိုင်၏အနက်ပေမှာ ပေ ၅၀ ထက်မနည်း ရှိသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် အခက်တွေ့နေသည်ဟု  ပြောသည်။

“လူတွေက တစ်ယောက်မှ မပေါ်လာတော့ ကယ်ဆယ်မှုတွေက ဘာမှ လုပ်လို့မရသေးဘူး” ဟု အသင်း ဥက္ကဋ္ဌ ဦးဖိုးထူးက ပြောသည်။

ကျောက်စိမ်းမြို့တော်ဟု  ဖားကန့်တွင် ကျောက်မျက်တူးဖော်မှု လုပ်ငန်း များစွာ ရှိနေပြီး မြေစာပုံပြိုကျမှု၊ ကမ်းပါးပြိုကျမှုများကြောင့်  အများအပြား ထိခိုက် သေဆုံးနေကြသည်။

ဆက်စပ်သတင်း

ဖားကန့်မြို့ လုံးခင်း ကျောက်စိမ်းတွင်း ပြိုကျမှု

မူလအခြေအနေ ပျက်ယွင်းသွားသည့် ကချင်ကျောက်စိမ်းမြေ

Show More

Related Articles

Back to top button