
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရဲ့ လေဆိပ်ရောက်လာတာနဲ့ ပထမဦးဆုံးစဉ်းစားမိတာက မြန်မာနိုင်ငံလိုပဲ ကိုယ်သွားချင်တဲ့နေရာကို တက္ကစီစီးပြီး သွားဖို့ပါပဲ။
ကိုယ်ရောက်ဖူးတဲ့နိုင်ငံ၊ ကိုယ့်ဒေသတွင်း အာရှနိုင်ငံတွေလိုမဟုတ်ဘဲ မကြာသေးခင်ကရောက်သွားတဲ့ ဘရပ်ဆဲလ်မှာ လမ်းညွှန်ဆိုင်းဘုတ်တွေက ပြင်သစ်ဘာသာနဲ့ ရေးထားတာဆိုတော့ နားမလည်ပါဘူး။ မြို့တွင်း ခရီးသည်ပို့ဆောင်ယာဉ်တွေကိုလည်း ဘယ်ဟာစီးရမယ်မှန်းမသိ။
ဘရပ်ဆဲလ်ကို ရောက်တာနဲ့ လေဆိပ်မှာ အခမဲ့ရတဲ့ အင်တာနက်သုံးပြီး လာကြိုမယ့် မြန်မာမိတ်ဆွေနဲ့ လှမ်းစကားပြော၊ လေဆိပ်ထဲမှာပဲ သူ့ကို စောင့်ဖြစ်ပါတယ်။ ဘရပ်ဆဲလ်မှာ အငှားယာဉ်သာခေါ်မိရင် ကျပ် တစ်သိန်းခွဲလောက် ကုန်မယ်၊ သူဌေးတွေမှ ကားငှားစီးတာလို့ ဆိုတယ်။ ရန်ကုန်မှာလို လေဆိပ်ကထွက်တာနဲ့ တက္ကစီမောင်းသူတွေ အလုအယက်ခေါ်နေတာမျိုး မတွေ့ရပါဘူး။
အများပြည်သူခရီးသွားဝန်ဆောင်မှု
ဘရပ်ဆဲလ်မှာ အိမ်ရာမဲ့တွေကနေ လစာကောင်းသူတွေအထိ သွားလာရေးအတွက် အဓိကအသုံးပြုကြတာက ဘတ်စ် ကားတွေ၊ ရထားတွေပါပဲ။ ဒီနည်းနဲ့ မြို့တွင်း ကားသွားလာမှုကို ထိန်းချုပ်သလို ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ကားလမ်းပိတ်ဆို့မှု မဖြစ်အောင်၊ ကားအများအပြား အသုံးပြုရာကနေ ဖြစ်ပေါ်လာမယ့် လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ရာလည်း ရောက်ပါလိမ့်မယ်။
တစ်လကို ယူရို ၄,ဝဝဝ လောက် ဝင်ငွေရှိသူတစ်ယောက်ဟာ ကားဝယ်စီးနိုင်ပါတယ်။ ဒါပေမဲ့ ကားအတွက် ထပ်ဆင့်တိုးပွားလာမယ့် ကုန်ကျစရိတ်ကြောင့် ကားဝယ်မစီးကြတာပါ။ ကားတစ်စီး လမ်းဘေးမှာ တစ်နာရီရပ်နားခ ယူရို ၂ဝ လောက် ကုန်ကျမယ်ဆိုတော့ တစ်နေကုန်သာ ကားရပ်ထားမယ်ဆိုရင် ယူရို ၁ဝဝ နီးပါး ထွက်ပါလိမ့်မယ်။ ၁ ယူရိုကို မြန်မာငွေ ပျမ်း မျှ ၁,၄ဝဝ နှုန်းနဲ့ တွက်မယ်ဆိုရင် တစ်နေကုန်ကားရပ်ခ ကျပ်တစ်သိန်းကျော် သုံးရမှာဖြစ်ပါတယ်။ ကားအတွက် လိုအပ်တဲ့ လောင်စာဆီကို နေရာအနှံ့မှာ ဝယ်ယူနိုင်ပေမဲ့ ဆီဈေးက မြင့်မားပါတယ်။ ဒီအချက်တွေကြောင့် လမ်းပေါ်မှာ ကိုယ်ပိုင်ကားနဲ့ အငှားကား နည်းသွားပြီးတော့ အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေပဲ အသုံးပြုကြတာ ဖြစ်ပါလိမ့်မယ်။
လျှပ်စစ်ရထားနဲ့ မြေအောက်အမြန်ရထားတွေကိုလည်း အစိုးရက ပြည့်စုံအောင် ဖန်တီးပေးထားပါတယ်။ တစ်မြို့လုံးကိုဖြတ်ပြီး လမ်းကြောင်း ၆ ကြောင်းနဲ့ မြေအောက်ရထား ပြေးဆွဲပေးတယ်။ မြို့နေလူထု အသုံးအများဆုံးကလည်း မြေအောက်အမြန် ရထားပါပဲ။ ရထားလက်မှတ်ခတွေက ဒေသခံတွေရဲ့ ဝင်ငွေနဲ့ဆိုရင် အလွန်ကို သက်သာတဲ့နှုန်းထားပါ။
အများပြည်သူသုံးယာဉ်တွေအတွက် လမ်းကြောင်းသတ်သတ်မှတ်မှတ်ရှိပြီး တခြားယာဉ်တွေက သူတို့ကို ဦးစားပေးရပါ တယ်။ ဒီလမ်းကြောင်းမှာ ယာဉ်မတော်တဆမှုတစ်ခုခု ဖြစ်လာရင် တခြားယာဉ်တွေက အရှုံးပါပဲ။ လူသွားလမ်း၊ စက်ဘီးစီး လမ်းတွေလည်း သတ်သတ်မှတ်မှတ်ထားရှိတာ တွေ့ရပါတယ်။
မီးပွိုင့်တွေမှာ လူကူးချိန်၊ ကားသွားချိန်ဆိုပြီး အချက်ပြစနစ် သတ်မှတ်ထားပါတယ်။ လူကူးမျဉ်းကျားတွေမှာလည်း ကားတွေက လမ်းဖြတ်ကူးသူရှိရင် ဦးစားပေးတဲ့အနေနဲ့ ရပ်တန့်ပေးကြပါတယ်။
ကိုယ်ပိုင်ကားမစီးကြတဲ့သူတချို့လည်း အလုပ်သွား၊ အလုပ်ပြန်၊ ဟိုနားဒီနားသွားလာမှုတွေမှာ စက်ဘီးအသုံးပြုကြတာ တွေ့ရပါတယ်။ အစိုးရကိုယ်တိုင်က ငွေကြေးနဲ့ အငှားစက်ဘီးတွေ ထားရှိပေးထားပါတယ်။ အငှားစက်ဘီးအတွက် ငွေသွင်း ကတ်ရှိတာနဲ့ နီးစပ်ရာ စက်ဘီးထားတဲ့နေရာမှာ သွားယူပြီး မိမိသွားလိုရာကိုသွား၊ နီးစပ်ရာ အငှားစက်ဘီးနေရာမှာ ပြန်ထားဖို့အတွက် စီစဉ်ထားပါတယ်။

စက်ဘီးကိုအသုံးပြုတဲ့အတွက် လူရဲ့ ကျန်းမာရေးအတွက်လည်းကောင်းသလို စက်ယာဉ်တွေက ထွက်လာမယ့် လေထု ညစ်ညမ်းမှုကို ထိန်းသိမ်းရာလည်းရောက်တာကို တွေ့ရပါတယ်။ ဆိုင်ကယ်ကိုတော့ တွေ့ရတာ အင်မတန် နည်းပါးပါတယ်။
ဘရပ်ဆဲလ်မှာ မြင်တွေ့ရတာတွေကို ကားလမ်းပိတ်ဆို့မှု ကြီးကြီးမားမားဖြစ်တတ်တဲ့ ရန်ကုန်ရဲ့အခြေအနေနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ ရန်ကုန်ရဲ့စီမံခန့်ခွဲမှုဟာ ခေတ်နောက်ကျနေတာပဲလား၊ နည်းလမ်းသိပါလျက်နဲ့ မလုပ်တာလား၊ မစီမံတတ်တာလား ဆိုတာတွေကိုတော့ လုပ်ပိုင်ခွင့်ရှိသူတွေကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းခြင်း
ဘရပ်ဆဲလ်မြို့လယ်ကောင် အဆောက်အအုံတော်တော်များများဟာ ၁၉ ရာစုနဲ့ ၁၈ ရာစုဝန်းကျင်က ဆောက်လုပ်ခဲ့တာပါ။
ယူရိုသောင်းဂဏန်းလောက်ရှိတာနဲ့ အိမ်တစ်လုံး လွယ်လင့်တကူ ဝယ်ယူနေထိုင်လို့ရပေမယ့် အိမ်ကိုပြုပြင်ထိန်းသိမ်းဖို့ရာမှာတော့ စည်းကမ်းတင်းကျပ်လွန်းတာကို လေ့လာမိပါတယ်။ အိမ်ကို ပိုင်ရှင်စိတ်ကြိုက် ပြင်ဆင် တည်ဆောက်လို့ရတယ်ဆိုတာ လုံးဝမရှိပါဘူး။

အိမ်ရဲ့ ရှေ့မျက်နှာစာ၊ နောက်ဘက်က ဒီဇိုင်းပုံစံတွေကို လုံးဝပြုပြင်ခွင့်၊ ဖြိုဖျက်ခွင့်မရှိဘဲ အိမ်အတွင်းခန်းတွေကိုသာ စိတ်ကြိုက် ပြုပြင်ခွင့်ရှိပါတယ်။ အဲဒီလိုဖြစ်လာဖို့အတွက်လည်း အစိုးရကိုယ်တိုင်က ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဥပဒေတွေ ပြဋ္ဌာန်းထားပါတယ်တဲ့။
အိမ်တစ်လုံးကို ပြုပြင်တည်ဆောက်တော့မယ်ဆိုရင် မြို့တော်အကဲဖြတ်ဌာန အဆင့်ဆင့်ရဲ့ ခွင့်ပြုချက် ရရှိမှ လုပ်လို့ရသလို အရည်အသွေးပိုင်းကိုလည်း အဆင့်ဆင့် အကဲဖြတ်ပြီးတော့မှသာ အတည်ပြုတဲ့အတွက် ၁၈ ရာစုလက်ကျန် အိမ်တွေဟာ ကနေ့အထိ ရှေးမူမပျက်ဘဲနဲ့ ခိုင်ခန့် ထည်ဝါစွာ တည်ရှိနေတာလို့ ဆိုပါတယ်။
မြို့တွင်း ခုံးကျော်တံတားတွေ ဆောက်လုပ်တာ အင်မတန် နည်းပါးပြီး ဒီအဆောက်အအုံတွေ ရှိတဲ့နေရာက ကားလမ်း၊ လျှပ်စစ်ရထားလမ်းတွေကို တုန်ခါမှုနည်းအောင် စီမံထားတယ်လို့ သိရပါတယ်။ ရှေးဟောင်းအိမ်တွေရဲ့ မြင်ကွင်းကို မကွယ်စေအောင်လို့ အဲဒီပတ်ဝန်းကျင်မှာ အထပ်မြင့် ဘယ်အဆောက်အအုံ တည်ဆောက်ခွင့်မျှ မပေးထားပါဘူး။ ကျွန်တော်တို့ ရန်ကုန်မြို့မှာရှိနေတဲ့ ရှေးဟောင်းအမွေအနှစ် အိမ်တွေကို ရှေးမူမပျက်ထိန်းသိမ်းရေးအပိုင်း ဘယ်လောက်အားနည်းနေတယ်ဆိုတာ ဒီကိုရောက်တော့မှ ပိုပြီး သတိပြုမိပါတယ်။
ခေတ်အဆက်ဆက် အုပ်ချုပ်ရေးယန္တရားရဲ့ ဖောက်ပြန်မှုတွေ၊ စီမံခန့်ခွဲမှု စနစ်တကျမရှိ၊ ငွေရှိရင် လုပ်ချင်တာလုပ်ခွင့်ရှိခဲ့တဲ့၊ ထိန်းသိမ်းရကောင်းမှန်းမသိတဲ့ ကျွန်တော်တို့ဆီမှာ ရှေးဟောင်းအမွေအနှစ်လက်ရာတွေ ဘယ်လောက်များ ဆုံးရှုံးပျက်စီး ခဲ့ရပါပြီလဲ။

တောင်းရမ်းစားသောက်နေသူတချို့ကိုလည်းတွေ့ရပါတယ်။ အိမ်ရာမဲ့သူတွေအတွက် အစိုးရကိုယ်တိုင်က နေထိုင်စရာ အဆောက်အအုံတွေ တည်ဆောက်ပေးထားပါတယ်။
အဆောက်အအုံတော်တော်များများရဲ့ နံရံတွေမှာ ဆေးလိပ်ဖင်စီခံထည့်တဲ့ခွက်ကို ကပ်ထားကြပါတယ်။ လမ်းပေါ်မှာ စီးကရက်အစီခံတွေ လွှင့်ပစ်ထားတာမြင်ရတော့ သူတို့နိုင်ငံသားတွေလည်း အမှိုက်နဲ့ ပတ်သက်ရင် စည်းကမ်းလိုက်နာမှုတော့ အားနည်းတယ်လို့ ယူဆရပါမယ်။ အမှိုက်အမျိုးအစားအလိုက် ပစ်ဖို့ အမှိုက်ပုံး အမျိုးမျိုး ခွဲထားပါတယ်။
သတင်းသမားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ မြန်မာနိုင်ငံက မြို့၊ ရွာ တော်တော်များများကို ခရီးထွက်ဖူးသူဖြစ်တော့ အခုလို တိုးတက်နေတဲ့ နိုင်ငံတွေရဲ့ မြို့ပြတည်ဆောက်မှုတွေ၊ စီမံခန့်ခွဲမှုတွေကို မြင်တွေ့လိုက်ရတဲ့အခါ တိုင်းပြည်ကို ဦးဆောင်မယ့်သူတွေရဲ့ စီမံမှုက လူထုရဲ့နေထိုင်စားသောက်မှု၊ သွားရေးလာရေးကအစ စိတ်ပိုင်းဆိုင်ရာတွေအထိပါ ဘယ် လောက်အထိ သက်ရောက်မှုရှိတယ်ဆိုတာ မြင်တွေ့လိုက်ရပါတယ်။
ကျွန်တော်တို့နိုင်ငံသာ အဲဒီလိုတိုးတက်တဲ့နိုင်ငံဖြစ်နေမယ်၊ ဒါမှမဟုတ် တိုးတက်အောင်လုပ်နိုင်မယ့်သူတွေသာ လူမှန်နေရာမှန် ရောက်နေမယ်ဆိုရင် ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လောက်ပျော်ရွှင်ရမလဲဆိုတာကို တွေးရင်းနဲ့ အပြန်ခရီးတလျှောက်လုံး သက်ပြင်း အကြိမ်ကြိမ် ချမိလေရဲ့။ ။