အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒုသမ္မတအဖြစ်ရွေးခံရသူ ဦးမြင့်ဆွေ စစ်တပ်ထောက်ခံမှုကိုသာ အဓိက ရရှိ

ရန်ကုန် – သမ္မတ၊ ဒုသမ္မတနေရာတွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ရွေးချယ်မှုကို ထောက်ခံ၊ သြဘာပေးသူ အများအပြား ရှိနေပေမယ့် တပ်မတော်လမ်းကြောင်းကနေလာပြီး အင်္ဂါနေ့မှာ ဒုသမ္မတအဖြစ်ရွေးခံရသူ ဦးမြင့်ဆွေကိုတော့ ထောက်ခံအားပေးသူ အနည်းအကျဉ်းသာ ရှိနေပါတယ်။ 

အခြေခံဥပဒေပါအခွင့်အရေးအရ ဒုသမ္မတတစ်ဦးကို တပ်မတော်က စိတ်ကြိုက်ရွေးချယ်ရာမှာ တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်ချုပ်တွေ၊ အရပ်ဘက်ရောက်နေတဲ့ စစ်အရာရှိဟောင်းတွေ အများအပြားကို ကျော်ပြီး သဘောထားတင်းမာသူအဖြစ် အများက ယူဆကြတဲ့ ဦးမြင့်ဆွေကို ရွေးချယ်ခဲ့တာပါ။

ဦးမြင့်ဆွေကို ဒုသမ္မတနေရာမှာ ထားဖို့ တပ်မတော်က စီစဉ်တာ ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂ဝ၁၂ မှာ ကျန်းမာရေးကိစ္စနဲ့ အနားယူမယ့် ဒုသမ္မတတစ်ဦးဖြစ်သူ သီဟသူရဦးတင်အောင်မြင့်ဦးရဲ့ နေရာမှာ သူ့ကို အစားထိုးဖို့ တပ်မတော်ဘက်က စီစဉ်ခဲ့ပေမယ့် အဲ့ဒီအချိန်က သူ့ရဲ့သမက်ဖြစ်သူဟာ သြစတြေးလျနိုင်ငံသား ခံယူထားသူဖြစ်တဲ့အတွက် အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ပါ ဒုသမ္မတ  အရည်အချင်းသတ်မှတ်ချက်နဲ့ ငြိစွန်းနေတာကြောင့် အစီအစဉ် ပျက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တပ်မတော်က သူ့ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ် တင်သွင်းရာမှာတော့ NLD ကြီးစိုးတဲ့ သမ္မတအရည်အချင်းစိစစ်တဲ့အဖွဲ့က ဒီတင်သွင်းမှုကို ကန့်ကွက်ခြင်း မရှိခဲ့ပါဘူး။

ဦးမြင့်ဆွေဟာ တပ်မတော်ကနေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ  တာဝန်ထမ်းဆောင်ပြီး ၂ဝ၁ဝ  ရွေးကောက်ပွဲကတစ်ဆင့်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။

၂ဝ၁၅ လဆန်းပိုင်း ရန်ကုန်မြို့တော်ခန်းမရှေ့ဆန္ဒပြမှုကို လက်ပတ်နီဝတ် စွမ်းအားရှင်တွေအသုံးပြုပြီး ကိုင်တွယ်ခဲ့တာဟာ  ဥပဒေနဲ့အညီလုပ်တာဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် အပြင်းအထန် ဝေဖန်ခံရသူပါ။

ရန်ကုန်ဟာ သူ့အတွက်တော့ အစိမ်းသက်သက် မဟုတ်ပါဘူး။ စစ်အစိုးရခေတ် ၂ဝဝ၇ ခုနှစ်က ရန်ကုန်မှာ သံဃာများ ဆန္ဒပြမှုကို အကြမ်းဖက် ဖြေရှင်းရာမှာ ဦးမြင့်ဆွေက ရန်ကုန်တိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူးတာဝန် ယူထားသူ ဖြစ်ပါတယ်။

၂ဝ၁၃ နှစ်ကုန်ပိုင်း 7Day သတင်းဂျာနယ်နဲ့ တွေ့ဆုံစဉ်မှာတော့ ရွှေဝါရောင်သံဃာ့အရေးအခင်းကို ကိုင်တွယ်ခြင်းဟာ တာဝန်အရဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်တယ်၊ ဒီတာဝန်ယူမှုအတွက် သေဒဏ်ပေးရင်လည်း ခံနိုင်တယ်လို့  ပြောဆိုခဲ့ဖူးပါတယ်။  

ဦးမြင့်ဆွေ ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရတော့မယ် အချိန်မှာပဲ ထွက်ပေါ်လာတဲ့ အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထား ပိတ်ဆို့ခံထားရသူများစာရင်းမှာ သူ့အမည် ပါဝင်ဆဲဖြစ်တာ တွေ့ရပါတယ်။ ဒီလို ပိတ်ဆို့ခံရသူဟာ  အမေရိကန်နိုင်ငံကို ခရီးသွားလာခွင့် မရှိသလို အမေရိကန်နိုင်ငံသားတွေကိုလည်း ဒီစာရင်းထဲပါဝင်သူတွေနဲ့  ထိတွေ့ဆက်ဆံခွင့် ကန့်သတ်ထားပါတယ်။

ဦးမြင့်ဆွေ တပ်မတော်ကိုယ်စားလှယ်များအစုအဖွဲ့လမ်းကြောင်းကနေ သမ္မတလောင်းဖြစ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက ကြိုဆိုခြင်း မရှိပါဘူး။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းရေးလုပ်ငန်းစဉ်ကို ထောက်ခံအားပေးပေမယ့် လွှတ်တော်ထဲမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း ဝင်ရောက်နေရာယူခွင့်၊ စစ်တပ်က သမ္မတလောင်းတစ်ဦးအတွက် အမည် တင်သွင်းခွင့်တွေပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် John Kirby က ပြောပါတယ်။

“ပြည်သူတွေအနေနဲ့ သူတို့နိုင်ငံခေါင်းဆောင်တွေကို သူတို့ကိုယ်တိုင် ရွေးချယ်နိုင်ခွင့်ရဖို့ လိုပါတယ်။ ဒါကြောင့် အခုလို သမ္မတလောင်းတွေ ရွေးချယ်တဲ့စနစ်ကို မကြိုက်ပါဘူး။ ဒုတိယသမ္မတလောင်း အဆိုပြုတဲ့အဆင့်ဟာ အရေးကြီးပါတယ်” လို့ သူက ဆိုပါတယ်။

သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့ဝင် ဖြစ်တဲ့ NLD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းကတော့  “(ဦးမြင့်ဆွေကို) တပ်ကနေ ရွေးချယ်လိုက်တာက စစ်တပ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်လို့ ယူဆရတယ်” လို့  ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူ ဒေါ်ညိုညိုသင်းက ဦးမြင့်ဆွေဟာ အုပ်ချုပ်ရေးအတွေ့အကြုံရှိသူဖြစ်ပေမဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ   ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး၊ ဆင်းရဲ့နွမ်းပါးမှု လျှော့ချရေးစံနှုန်းတွေနဲ့ ကြည့်ရင် အားရစရာမရှိဘူးလို့ ဆိုပါတယ်။

“သူဟာ ပြီးခဲ့တဲ့သက်တမ်းအတွင်းမှာတော့ တပ်မတော်အပေါ်မှာသစ္စာရှိသူဆိုတာ ပေါ်လွင်တယ်။ ဒါ့ကြောင့်မို့လို့ တပ်မတော်သားအစုအဖွဲ့က သစ္စာရှိသူကို ဦးစားပေးရွေးတာ။ NLD ဘက်က သမ္မတရွေးတာလည်း သစ္စာရှိသူကိုပဲ အခြေခံပြီး ရွေးတာပဲလေ” လို့  သုံးသပ်ပါတယ်။

ပြည်သူ့ဆန္ဒကို ဖော်ဆောင်မယ့် NLD အစိုးရအဖွဲ့အတွင်းမှာ ဦးမြင့်ဆွေကြောင့် ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်မယ်လို့ ယူဆကြောင်း ဒေါ်ညိုညိုသင်းက ပြောပါတယ်။

ဒုသမ္မတနေရာအတွက် ဦးမြင့်ဆွေထက် ပိုမိုသင့်တော်သူတွေ တပ်မတော်ထဲမှာ  အများအပြားရှိတဲ့အတွက် ဒီရွေးချယ်မှုကို အံ့အားသင့်မိတယ်၊ မျိုးဆက်သစ် စစ်အရာရှိတွေကို နေရာပေးသင့်ပြီလို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးအကဲခတ် ဦးခင်ဇော်ဝင်းက သုံးသပ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့  စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သူ ဦးလှဌေးဝင်းကတော့  တပ်မတော်အစုအဖွဲ့ရဲ့  ရွေးချယ်မှုဟာ မှန်ကန်တယ်လို့ ပြောပါတယ်။

“သင့်တော်ပါတယ်။ သူဟာ အတွေ့အကြုံကောင်းတွေ အများကြီးရှိတဲ့သူပါ” လို့ သူက ဆိုပါတယ်။

ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေရဲ့ အနီးကပ်လက်ရုံးတစ်ဆူဖြစ်ခဲ့တဲ့အတွက်ကြောင့် တပ်မတော်ခေါင်းဆောင်ပိုင်းအပေါ် ဦးသန်းရွှေရဲ့ သြဇာရှိနိုင်သေးတယ်လို့ ယူဆနေသူတွေလည်း ရှိပါတယ်။

“ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သြဇာဟာ တပ်ဘက်ပိုင်းမှာ ရှိနေသေးတယ်ဆိုတာတော့ ဖြစ်နိုင်တာပေါ့။ သူရဲ့ သြဇာက ရှိသင့်သလောက်တော့ ရှိဦးမှာပဲ” လို့ နိုင်ငံရေး လေ့လာသူ စာရေးဆရာ ဦးကျော်ဝင်းက ဆိုပါတယ်။

မန္တလေးက ရွှေဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဆရာတော် ဦးသောဘိတကလည်း တပ်မတော်ရဲ့ ရွေးချယ်မှုဟာ ပြည်သူတွေရဲ့ဒေါသကို ဆွပေးသလို ဖြစ်နိုင်တယ်လို့ မိန့်ပါတယ်။

“ဦးမြင့်ဆွေက ဦးသန်းရွှေရဲ့ လူယုံကြီး ဖြစ်နေတဲ့အတွက်လည်း နောက်ဆုံးတော့ ငါတို့တိုင်းပြည်ဟာ ဦးသန်းရွှေကြီး အုပ်ချုပ်နေပါလားဆိုတဲ့အတွေးကို ရသွားစေတယ်၊  ငါတို့လုပ်ချင်ရာ လုပ်တယ်ကွာဆိုတဲ့ လုပ်ရပ်တွေ ပြသွားတာလို့ သုံးသပ်တယ်” လို့ မိန့်ပါတယ်။

အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ သမ္မတရွေးပွဲမှာ  ဦးမြင့်ဆွေက တပ်မတော်သားကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်ပါတီ ကိုယ်စားလှယ်တွေရဲ မဲတွေ သေချာပေါက်ရမယ်လို့ အများက ယူဆပါတယ်။

ဦးထင်ကျော်က မဲအရေအတွက် ၃၆ဝ၊  ဦးမြင့်ဆွေက ၂၁၃၊ ဦးဟင်နရီဗန်ထီးယူက ၇၉ ရရှိကြပါတယ်။ သမ္မတရွေးပွဲမှာ မဲအများဆုံး မရရှိရင်လည်းဒုတိယမဲအများဆုံးရဖို့က အရေးကြီးပါတယ်။

သမ္မတ ရာထူးသက်တမ်းမကုန်ဆုံးခင် နုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော် သမ္မတရာထူးနေရာ လစ်လပ်သွားတဲ့အခါ သမ္မတရွေးပွဲမှာ ဒုတိယမဲအများဆုံးရသူက ယာယီသမ္မတအဖြစ် တာဝန်ယူရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။     

ဒါ့အပြင် ဒုသမ္မတဟာ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့ အဖွဲ့ဝင် ၁၁ ဦး ပါ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှာလည်း တာဝန်ယူရမှာ ဖြစ်ပါတယ်။     ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button