သတင်း

ရခိုင်ကော်မရှင်ပြန်ဖွဲ့ရေးအဆို လွှတ်တော်တွင် ရှုံးနိမ့်

ရန်ကုန် – နိုင်ငံခြားသားများ ပါဝင်နေသော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းရန် အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်တွင် အင်္ဂါနေ့က အကြိတ်အနယ် ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၄၈ မဲ၊ ထောက်ခံမဲ ၂၅ဝ ဖြင့် ရှုံးနိမ့််သွားသည်။

ရခိုင်အမျိုးသားပါတီအမတ်တစ်ဦးတင်သွင်းသည့် အဆိုဘက်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ ရပ်တည်ဆွေးနွေးကြပြီး ပြည်တွင်းရေးတွင် နိုင်ငံခြားသား ပါဝင်နေခြင်းသည် နိုင်ငံအချုပ်အခြာအာဏာကို ထိပါးစေကြောင်း၊ ပြည်တွင်း ပညာရှင်များဖြင့်သာ ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း ဆွေးနွေးကြသည်။

ဝင်ရောက်ဆွေးနွေးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်များက နိုင်ငံတကာ လေးစားယုံကြည်မှု ရရှိထားသူ ဦးဆောင်သည့် ကော်မရှင်သည် ရခိုင်ပြည်နယ်ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြကြောင်း ပြောသည်။

အာဏာရ NLD ပါတီ အင်အားကောင်းသော လွှတ်တော်တွင် တင်သွင်းမည့်အဆို ရှုံးနိမ့်မည်ကို ကြိုတင် သိရှိသော်လည်း ကော်မရှင်အပေါ် သဘောထားကို အများ သိရှိစေလိုသောကြောင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု လွှတ်တော်အမတ်များက သတင်းထောက်များကို ပြောသည်။

ပြည်တွင်း ပြည်ပ ပညာရှင် ၉ ဦးပါဝင်သော အကြံပေးကော်မရှင်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးအရာရှိဟောင်း၊ နယ်သာလန် သံအမတ်ကြီးဟောင်း တို့လည်း ပါဝင်သည်။ အကြံပေးကော်မရှင်သည် ဝန်ကြီးဌာနမှတစ်ဆင့် အစိုးရထံ ၁ နှစ်အတွင်း အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။

လွှတ်တော်ပြင်ပကန့်ကွက်မှု

ကော်မရှင်ဖွဲ့စည်းသည့်သတင်း ထွက်ပေါ်လာပြီးနောက်တွင် ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ စသည့် ပါတီများက သဘောမတူကြောင်း၊ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ခဲ့ကြသည်။

ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ချက်တွင် “ပြည်သူအများစုက ရွှေးချယ်တင်မြှောက်ထားသော အစိုးရသစ်တစ်ရပ်အနေဖြင့် အလွန်အရေးကြီးသော ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စသည့်ကဏ္ဍများကို ဦးစားပေးပြီး လုပ်ဆောင်ရမည့်အစား အလွန်ထိလွယ်ရှလွယ်သော ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီအရေးကိုသာ ရှေ့တန်းတင်ဇောင်းပေး၊ လုပ်ဆောင်နေခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိပါးခြင်းများဖြစ် လာနိုင်သည်” ဟု ဖော်ပြထားသည်။

ကော်မရှင်တွင် ရခိုင်တို့၏နောက်ခံသမိုင်း၊ ဖြစ်တည်နေမှုတို့ကို နားလည်နိုင်စွမ်းမရှိသည့် နိုင်ငံတကာမှ ပုဂ္ဂိုလ် ၃ ဦး ပါဝင်နေခြင်းကို လုံးဝ ကန့်ကွက်သည်ဟု ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

စစ်တွေမြို့မှ နိုင်ငံရေး ဆောင်းပါးရှင် ဦးမောင်မောင်စော (ရခိုင်ညွန့်ဖူး) က ကော်မရှင်ထံမှ ပြည်သူအများစု လက်ခံနိုင်မည့် ရလဒ်ကောင်းတစ်ခု ထွက်လာမည်မဟုတ်ဟု သုံးသပ်သည်။

“ အရင်သမ္မတ လက်ထက် အစီရင်ခံစာဟာ နိုင်ငံတကာကလည်း လက်ခံတယ်လို့ သိခဲ့ရပါတယ်။ ယခင်က လုပ်ခဲ့တဲ့ အစီရင်ခံစာကို လျစ်လျူရှုလိုက်ပြီးတော့ ကော်မရှင်အသစ်တစ်ခုကို ထပ်မံ ဖွဲ့စည်းလိုက်တာဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုဖြစ်တယ်” ဟု ဦးမောင်မောင်စောက Myanmar Now ကို ပြောသည်။

“ဒီအစီရင်ခံထဲ အားနည်းချက်တွေ ရှိရင်တောင်မှ ဘယ်အပိုင်းက အားနည်းချက်တွေရှိနေတာလဲဆို တာကို ပြန်လှည်လေ့လာမွမ်းမံပြီးမှ ဖွဲ့စည်းသင့်တယ်”

အင်္ဂါနေ့က မစ္စတာ ကိုဖီအာနန်နှင့် ကော်မရှင်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ပြည်နယ် အာဏာပိုင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံများကို တွေ့ဆုံခဲ့သည်။ ရာနှင့်ချီသော ဒေသခံများက ကော်မရှင်တွင် ပြည်ပ နိုင်ငံသား ပါဝင်နေမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

စောင့်ကြည့်နေသူများ

ရခိုင်ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဦးဝင်းနိုင်က အကြံပေးကော်မရှင်ကို စောင့်ကြည့်ရဦးမည်ဟု ဆိုသည်။

“ပြဿနာတွေကို ဘယ်လိုငြိမ်းချမ်းအောင်လုပ်မယ်၊ ရခိုင်ပြည်နယ်ကို ဘယ်လိုတိုးတက်အောင် လုပ်မယ် လို့အဖြေရှာဖို့လာတဲ့အဖွဲ့ကို ကျွန်တော်ကတော့ ထောက်ခံပါတယ်။ ဒီလိုမျိုး မဟုတ်ဘဲ သူတို့အမှား လုပ်ခဲ့မယ် ဆိုရင် ကျွန်တော်အနေနဲ့ ကန့်ကွက်ပါမယ်။ မတရားတာ လုပ်ရင်၊ ဘက်လိုက်တာလုပ်ရင်တော့ တစ်ပြည်လုံးက ဆန္ဒပြကြမှာပဲ” ဟု NLD ပါတီမှ ဦးဝင်းနိုင်က Myanmar Now ကို ပြောသည်။

ယခင်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးရဲထွဋ်က ကော်မရှင်တွင် မစ္စတာကိုဖီအာနန်၏ ဦးဆောင်နေမှုကြောင့် ကောင်းကျိုး သာမက ဆိုးကျိုးလည်း ရှိသည်ဟု သုံးသပ်သည်။

“အာနန်ကော်မရှင်က ပေးတဲ့အကြံဉာဏ်တွေ နည်းလမ်းတွေဟာ နိုင်ငံတကာစင်မြင့်ပေါ်မှာ ပိုပြီး အားကောင်းတယ်၊ ပြည်တွင်းက ကော်မရှင်တွေ ထက်ပိုပြီး ပေါက်ရောက်တဲ့ အတွက် နိုင်ငံတကာက လက်ခံဖို့ ပိုပြီးအခွင့်အရေးများတာပေါ့” ဟု ဝန်ကြီးဟောင်းက သူ၏ facebook စာမျက်နှာတွင် ရေးသားထားသည်။

“အပြစ်ကတော့ အဲဒီကော်မရှင်ကပေးတဲ့ အကြံဉာဏ်တွေကို သက်ဆိုင်သူတွေက လက်မခံဘူး။ ဒါမှမဟုတ် အစိုးရကိုယ်တိုင်က လက်မခံနိုင်ဘူး။ အကောင် အထည် မဖော်နိုင်ဘူးဆိုရင် ဘာဖြစ်မလဲ။ ဟာ သူတို့ဖွဲ့ပေးတဲ့ ကိုဖီအာနန် ကော်မရှင်က ပေးတဲ့ အကြံဉာဏ်ကိုတောင်လက်မခံဘူး ဆိုပြီး အပြစ်တင်ခံရ မှာပဲ။ အဲဒါက ကော်မရှင်မဖွဲ့ပဲ ထားတာထက် ပိုပြီး အပြစ်တင်ခံရမယ့်အခြေ အနေမှာရှိတယ်”

Show More

Related Articles

Back to top button