သတင်း

ဦးဥတ္တမနေ့ အခမ်းအနားများ ပြည်တွင်းပြည်ပတွင် ကျင်းပ

ရန်ကုန် – မြန်မာ့လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးသည့် ခေါင်းဆောင်တစ်ဦးဖြစ်သော ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားကို သောကြာနေ့က စတင်ပြီး ပြည်တွင်းပြည်ပ နေရာအများအပြားတွင် ကျင်းပခဲ့ကြသည်။

ဆရာတော်၏ဇာတိရခိုင်ပြည်နယ်တွင်မူ မြို့နယ်များတွင်သာမက ကျေးလက်ဒေသတချို့တွင်ပင် ပြုလုပ်ကြသည်ဟု ၇၇ ကြိမ်မြောက် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဦးညီညီမောင်က ပြောသည်။

ရန်ကုန်မြို့တွင် အုံနှင့်ကျင်းနှင့် ရောက်ရှိနေကြသည့် ရခိုင်တိုင်းရင်းသားတို့ကလည်း ဆရာတော်ဦးဥတ္တမနေ့ အမှတ်တရ အစီအစဉ်များကို မပျက်မကွက် ပြုလုပ်ကြသည်။

နိုင်ငံရေးအခြေအနေ ပြောင်းလဲလာခြင်း၊ သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်လာခြင်းတို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဂုဏ်ပြုလာနိုင်ကြခြင်းဖြစ်သည်ဟု သူက သုံးသပ်သည်။

“မြန်မာနိုင်ငံအတွက် (ဆရာတော်ရဲ့) ကျေးဇူးတရားကြီးမားပုံတွေကို အခုချိန်မှာ လူတွေလည်း အကျယ်တဝင့် သိလာကြတယ်” ဟု ဦးညီညီမောင်က ပြောသည်။

သြစတေးလျ ၊အမေရိကန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံများတွင် ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားတို့ကလည်း ဦးဥတ္တမနေ့ အခမ်းအနားများကို ကျင်းပကြသည်။

ရခိုင်တိုင်းရင်းသား အမြောက်အမြားနေထိုင်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးတွင်မူ တိုင်းအစိုးရ၏ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး ရခိုင်အသင်းအဖွဲ့အစည်းများက ဦးဥတ္တမနေ့ အထိမ်းအမှတ်အခမ်းအနားကို ရွှေတိဂုံဘုရားတောင်ဘက်မုခ်အနီး စည်ကားစွာ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ရန်ကုန်မြို့ ဆရာတော်ဦးဥတ္တမနေ့ အမှတ်တရအစီအစဉ်သို့ တက်ရောက်လာသူ ပရိသတ်တစ်ဦးဖြစ်သည့် ၄၆ နှစ်အရွယ် ရခိုင်အမျိုးသမီး ဒေါ်ခင်မာကြည်က ဆရာတော်၏ လမ်းညွှန်ချက်များကို မျိုးဆက်သစ်တို့ လေ့လာပြီး လိုက်နာကျင့်သုံးစေချင်သည်ဟု ပြောသည်။

“အသျှင်ဦးဥတ္တမဟာ ဆိုရင် ကျွန်မတို့ဘဝ ငယ်စဉ်တောင်ရိုးကပင် ကျွန်မတို့ရဲ့ပြည်၊ ကျွန်မတို့ရဲ့နိုင်ငံ၊ ရခိုင်သူ၊ ရခိုင်သားအားလုံးအတွက် ကာကွယ်စောင့်ရှောက်ဖို့ နှိုးဆော်လုပ်ဆောင်ပေးခဲ့တဲ့အတွက် လာရောက် ဂုဏ်ပြုတာဖြစ်ပါတယ်” ဟု ဒေါ်ခင်မာကြည်က ပြောသည်။

ရမ်းဗြဲမြို့နယ်၊ လမုခြေကျွေးရွာဇာတိ ကိုနေထွန်းလင်းက အသျှင်ဦးဥတ္တမနေ့အခမ်းအနားများကို ယခင်ကထက် ပိုမို ကျယ်ပြန့်စွာ ကျင်းပလာကြခြင်းမှာ အင်တာနက်လူမှုကွန်ရက်များ အားကောင်းလာသောကြောင့် ဖြစ်မည်ဟု ယူဆကြောင်း ပြောသည်။

“ ကျွန်တော်လည်း သိတတ်စအရွယ်ကပင် ကိုယ့်ရခိုင်လူမျိုးထဲမှာ ဆရာတော်အသျှင်ဦးဥတ္တမက ဒီဟာ ဒီဟာလုပ်ခဲ့လို့ အကြမ်းအားဖြင့် ဖတ်ဖူး၊ ကြားဖူးပါတယ်။ အဲဒီအတွက်လည်း အများကြီးဂုဏ်ယူပါတယ်’’ ဟု ရန်ကုန်မြို့ အခမ်းအနားတွင် တွေ့ရသော ကိုနေထွန်းလင်းက ပြောသည်။

အခမ်းအားတစ်ရောက်သူ လူငယ်တစ်ဦးဖြစ်သည့် မောင်ဇော်ကလည်း နိုင်ငံရေးအခွင့်အရေး ပိုမို ရရှိလာချိန်ဖြစ်သောကြောင့် အာရှနေဝန်းဆရာတော် ဦးဥတ္တမ အထိမ်းအမှတ်နေ့ကို မြို့ပြတွင်သာမက ကျေးလက်တွင်ပါ ကျင်းပနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကိုယ့်ပြည်ကိုယ့်ရွာကို ဆင်းဖို့ကျတော့ နည်းနည်းလေး အခက်အခဲ တွေ့တာပေါ့။ ဒါ့ကြောင့်မို့ ရန်ကုန်မှာ ဒီဆရာတော်အသျှင်ဦးဥတ္တမနေ့ အခမ်းအနားကို ကြားတာနဲ့ လာရောက်ပြီး ဂုဏ်ပြုတာပါ” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်ထိန်းကြီးကျေးရွာတွင် နေထိုင်ခဲ့သော ကိုမောင်ဇော်က ရှင်းပြသည်။ ပွဲဖြစ်မြောက်ရေး စီစဉ်သူ၊ ဝိုင်းဝန်းကြိုးပမ်းသူအားလုံးကို ကျေးဇူးတင်သည်ဟု သူက ဆက်ပြောသည်။

“အာရှနေဝန်း လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ကြီး ကျွန်နော်တို့ရင်ထဲ ၊ အသည်းထဲကနေပြီး တစ်သက်တာလုံးအတွက် မမေ့နိုင်သော ကျေးဇူးတရားတွေ ရှိပါတယ်”

စစ်တွေမြို့ဇာတိ ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ရောက်ရှိနေခဲ့စဉ်က ပြည်သူတစ်ရပ်လုံးကို အမျိုးသားရေးစိတ် နိုးကြားလာစေရန် ဟောပြောခဲ့သဖြင့် ထောင်အကြိမ်ကြိမ် ကျခံခဲ့ရသည်။

ဗြိတိသျှဘုရင်ခံအား မြန်မာနိုင်ငံမှ ထွက်သွားရန် နှင်ထုတ်ခဲ့ရာ သူ့အား လွတ်လပ်ရေး မီးရှူးတန်ဆောင်ဟု တင်စားခေါ်ဝေါ်ခဲ့သည်။

လွတ်လပ်ရေးအတွက် ရဲရဲဝံဝံနှင့် အသက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် ဆရာတော် ပျံလွန်တော်မူခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့ကို အသျှင်ဦးဥတ္တမနေ့ အဖြစ် သတ်မှတ်ပြီး အခမ်းအနားများကို နှစ်စဉ် ကျင်းပခြင်းဖြစ်သည်။

၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရက ရွှေတိဂုံဘုရားအနီးရှိ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် အမည်ပြောင်းလဲကာ ဆရာတော်အသျှင်ဥတ္တမ၏ လွတ်လပ်ရေးကြိုးပမ်းမှုကို ဂုဏ်ပြုသတ်မှတ်ပေးခဲ့လေသည်။

၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ဦးဥတ္တမပန်းခြံ အမည်ပျောက်ကာ မူလအတိုင်း ကန်တော်မင်ပန်းခြံပြန်ဖြစ်လာခဲ့သည်။

ဦးဥတ္တမ အောက်မေ့ဖွယ်အခမ်းအနားသည် တပ်မတော်အစိုးရ လက်ထက်များတွင် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့ပြီးမှ ဦးသိန်းစိန်အစိုးရလက်ထက်တွင် နေရာအနှံ့ ပြန်လည် ကျင်းပနိုင်သည့် အခြေအနေသို့ ရောက်ခဲ့သည်။

ယနေ့ခေတ် ဦးဥတ္တမအထိမ်းအမှတ်နေ့ အခမ်းအနားများတွင် ရခိုင်တိုင်းရင်းသားများသာမက မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစု အများအပြားကလည်း ပူးပေါင်း ပါဝင်လာကြသည်ကို တွေ့ရသည်။ ။

(အေးအေးသန်းသည် RIA သတင်းဌာနမှ ဖြစ်ပြီး ရန်ကုန်မြို့Myanmar Now သတင်းအေဂျင်စီရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် ခေတ္တလုပ်ကိုင်လျက်ရှိသည်။)

Show More

Related Articles

Back to top button