သတင်း

၁၃ ဂဏန်းအပေါ် မြန်မာတို့၏အမြင် တူညီမှု မရှိ

၁၃ ကဏန်းကို ရှောင်ရှားပါက အဆင်မပြေမှု၊ ကံဆိုးမိုးမှောင်ကျမှုတို့ကို ကျော်လွှားနိုင်ပါသလား။ ဤမေးခွန်းအတွက်အဖြေက အမျိုးမျိုးဖြစ်နိုင်သည်။

ဇန်နဝါရီလလယ်ပိုင်းက ရန်ကုန်မြို့ဘတ်စကားလမ်းကြောင်းသစ်ကို အပြောင်းအလဲပြုလုပ်ရာတွင် ယာဉ်လိုင်းပေါင်း ၇ဝ ဝန်းကျင်ဖြင့် အစပြုခဲ့သည်။ YBS ယာဉ်လိုင်းများတွင် အမှတ် ၁၃ လိုင်း ထည့်သွင်းထားခြင်း မရှိပေ။

ဘတ်စကားလမ်းကြောင်းသစ်အာဏာပိုင်တို့က ရေရှည်ကို ကြည့်ပြီး ထိုနံပါတ်ကို ချန်ထားခဲ့ခြင်းဖြစ်မည်ဟု မွန်ပြည်နယ် ကျိုက်ထိုမြို့မှ ကုန်သည်တစ်ဦးဖြစ်သည့် ကိုနေဝင်းအောင်က ယူဆသည်။

“နိုင်ငံခြားသားတွေလာတော့ ဘတ်စကားစီးမယ်၊ ဒါတွေကြောင့် မထည့်တာ ဖြစ်မယ်” ဟု ကိုနေဝင်းအောင်က ပြောသည်။ သူကိုယ်တိုင်ကမူ ၁၃ ဂဏန်းနှင့် ပတ်သက်ပြီး မည်သည့်ခံစားချက်မျှ မရှိဟု ဆိုသည်။

ရန်ကုန်မှ လူငယ်တစ်ဦးဖြစ်သည့် ကိုရဲရင့်အောင်က ထိုဂဏန်းကို အကျိုးရှိရှိ အသုံးချသူဖြစ်သည်။

“ထီထိုးရင်တောင် ၁၃ နဲ့ စတာ ထိုးမိတယ်၊ သူများတွေထင်နေကြတဲ့ မကောင်းတဲ့နံပါတ်ပေါ့။ ကျွန်တော်က အဲဒီနံပါတ်နဲ့ဆို ကံကောင်းတယ်။ ဘယ်လောက်ရူးလဲဆိုရင် အလုပ်သွားလျှောက်ရင်တောင် အဲဒီနေ့သွားတယ်၊ အလုပ်တန်းရတယ်” ဟု ကိုရဲရင့်အောင်က ပြောသည်။

နံပါတ် ၁၃ နှင့် သဟဇာတမဖြစ်သူများထဲတွင် ရန်ကုန်မှ တက္ကသိုလ်ကျောင်းသား ကိုဇော်ဝင်းမောင် ပါဝင်သည်။

“ကျွန်တော်တော့ ရှောင်တယ်။ သတိထားမိတာကတော့ အဆိုးတွေဖြစ်လို့။ ကျွန်တော် ယာဉ်တိုက်မှုတွေ၊ ပြဿနာတွေဆို ၁၃ ရက်လို နေ့မျိုးမှာ ဖြစ်တာများတယ်” ဟု ကိုဇော်ဝင်းမောင်က ဆိုသည်။

“စာတွေမှာက ၁၃ က ကံဆိုးတယ်၊ နိမိတ်မကောင်းဘူးလို့ ဖတ်ဖူးတယ်။ အနောက်နိုင်ငံတော်တော်များများ ၁၃ နံပါတ်ကို မသုံးကြဘူးလေ။ အဲဒါကြောင့် တို့အစိုးရလည်း မသုံးတာ ဖြစ်မယ်”

ဧရာဝတီသတင်းဌာနမှ အယ်ဒီတာတစ်ဦးဖြစ်သည့် ကိုနိုင်စွမ်းက ကံကောင်းခြင်း၊ ကံဆိုးခြင်း ဆိုသည်မှာ ဂဏန်းကြောင့် မဟုတ်ဘဲ စိတ်၏ စေ့ဆော်ချက်နှင့် သက်ဆိုင်မည်ဟု ယူဆသူ ဖြစ်သည်။

“၁၃ ဂဏန်းက ကံဆိုးမှောင်ကျစေတယ်ဆိုတဲ့ ယုံကြည်မှုမျိုး ကျွန်တော့်ဆီမှာ လုံးဝ၊ လုံးဝကို မရှိဘူး။ ဂဏန်းတွေက ပညာရှင်တွေ ဖန်တီးထားတာပါ၊ တကယ်လို့ ကံဆိုးစေမယ်.. ဆိုရင်တော့ အရင်ကတည်းက အဲဒီဂဏန်းကို သူတို့ မတီထွင်ခဲ့လောက်ဘူး၊ ကံကောင်းစေတဲ့ ဂဏန်းတွေပဲ များများ ဖန်တီးကြလိမ့်မယ် ထင်တယ်” ဟု ကိုနိုင်စွမ်းက ပြောသည်။

အနောက်တိုင်းသားအများအပြားက ၁၃ ဂဏန်းကို လာဘ်မကောင်းသော၊ ကံဆိုးစေသော နံပါတ်ဖြစ်သည်ဟု ယူဆကြသည်။ နိုင်ငံတကာတွင် လေကြောင်းလိုင်းအများအပြားက ခရီးသည်တို့ စိတ်သက်သာရာ ရစေရန်အတွက် ထိုင်ခုံနံပါတ်များတွင် ဂဏန်း ၁၃ ကို ထည့်သွင်းထားခြင်း မရှိသကဲ့သို့ အထပ်မြင့်အဆောက်အအုံအများအပြားရှိ ဓာတ်လှေကားတွင်လည်း နံပါတ် ၁၂ ပြီးလျှင် ၁၄ ကိုသာ တွေ့နိုင်သည်။

ကမ္ဘာကျော်ဘောလုံးအသင်းတချို့တွင် ကျောနံပါတ် ၁၃ မထားရှိသော်လည်း ဂျာမန်ဘောလုံးသမား ဘောလတ်သည် ကျောနံပါတ် ၁၃ ကို နှစ်သက်သူဖြစ်သည်။

ကိုရီးယားလူမျိုး ပတ်ဂျီဆန်လည်း မန်ယူအသင်းတွင် ကန်စဉ်က နံပါတ် ၁၃ ဖြင့် ထင်ပေါ်တင်သူဖြစ်ကြောင်း တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဒါရိုက်တာ ဟစ်ချ်ကော့၊ စစ်တုရင်ချန်ပီယံ ကက်စပါရော့၊ အဆိုတော် တေလာဆွစ်ဖ်တို့သည် ၁၃ ရက်နေ့တွင် ဖွားမြင်သူများဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ… ၁၃ ဂဏန်းမှာ နိုင်ငံတကာတွင် လူကြိုက်နည်းလှသည်။ ဗြိတိန်တွင် အိမ်နံပါတ် ၁၃ ဆိုလျှင် ရောင်းထွက်လေ့မရှိဟု ဇန်နဝါရီလလယ်ပိုင်း BBC သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ နံပါတ် ၁၃ အိမ်များသည် တခြားအိမ်များထက် ပေါင်ကိုးထောင် (ကျပ်သိန်း ၁၅ဝ ဝန်းကျင်) ပိုသက်သာသည်ဟု ဆိုသည်။

(သိင်္ဂီဝင်းတင်သည် Myanmar Now၏ အလုပ်သင်သတင်းထောက်တစ်ဦး ဖြစ်သည်။)

Show More

Related Articles

Back to top button