သတင်းအနုပညာနှင့် ယဉ်ကျေးမှု

ဝင်ကြေးယူပြပွဲယဉ်ကျေးမှုကို အနုပညာအဖွဲ့တစ်ခု ပျိုးထောင်

အနုပညာသမားတို့က ၎င်းတို့၏ပြပွဲများကို အခမဲ့ ပြသတတ်ကြသော်လည်း ဇန်နဝါရီ ၂၇ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သည့် ၃ ရက်ကြာ ပြပွဲတစ်ခုကမူ ဝင်ကြေးပေးပြီး ဝင်ရောက် ကြည့်ရှုကြစေရန် စီစဉ်ထားကြောင်း တွေ့ရသည်။

ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းတွင် ပြုလုပ်သည့် ၃ ရက်ကြာ အနုပညာပြပွဲကို Art+Plug အမည်ရှိ အနုပညာအဖွဲ့တစ်ခုက စီစဉ်ခြင်း ဖြစ်ပြီး အဖွဲ့၏ ပန်းချီ၊ ဓာတ်ပုံ၊ အသံပိုင်းဆိုင်ရာ အနုပညာလက်ရာများကို ပြသထားသည်။

ပြပွဲ ဝင်ကြေး ကျပ် ၅ဝဝ လက်ခံရခြင်းမှာ အနုပညာလက်ရာကို အားပေးတဲ့ အလေ့အကျင့် ရရေးအတွက် ရည်ရွယ်သည်ဟု အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုဟန်ဆန်းက ပြောသည်။

“ကျွန်တော်တို့ ကောက်ခံတာက ပြန်ကုန်တဲ့ ကုန်ကျစရိတ်နဲ့တောင် မကာမိပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

၂ဝ၁၃ ကတည်းက တစ်နှစ် တစ်ကြိမ် ကျင်းပသည့် ၎င်းတို့၏ ပြပွဲများကို ဝင်ကြေး သတ်မှတ် ကောက်ခံခဲ့သည်ဟု ဆိုသည်။

ပြပွဲသို့ ရောက်လာသော ပရိသတ်ထဲမှ အမျိုးသမီးတစ်ဦးက ဝင်ကြေးကောက်ခံခြင်းကို သဘောကျသည်ဟု ဆိုသည်။

“အနုပညာကို စိတ်ဝင်စားတဲ့ သူအတွက် ဒီဝင်ကြေးက ဘာမှမပြောပလောက်ဘူးလေ။ သူတို့ပြတဲ့ အနုပညာက အံ့မခန်းပဲ။ စိတ်မဝင်စားသူတွေကတော့ ဝင်ကြေး မပေးရလည်း ကြည့်မှာ မဟုတ်ဘူး” ဟု ပြပွဲလာကြည့်သူ မသန္တာလှိုင်က ပြောသည်။

Art+Plug အဖွဲ့က တစ်နှစ်လုံးအားထုတ် ဖန်တီးထားသည့် အနုပညာလက်ရာတို့ကို စုစည်းပြသခြင်း ဖြစ်သည်။ အနုပညာပြပွဲများ ပုံမှန် ပြုလုပ်ပြီး ၅ နှစ်ကြာသောအခါ ၎င်းတို့၏ အတွေးအခေါ်၊ အယူအဆ၊ စိတ်ပိုင်း ရုပ်ပိုင်း ဖန်တီးထားသည့် အနုပညာဆိုင်ရာ ပြောင်းလဲလာမှုများ ရှိသောကြောင့် ယခု ပြပွဲကို အသွင်ပြောင်းလဲခြင်းဟု အမည်ပေးထားသည်။

ပြပွဲတွင် ဟန်ဆန်း၊ ဝဏ္ဏအောင်၊ မြင့်စိုးဦး ၊ မြင့်သူရ၊ သိုးထိန်းတို့၏ လက်ရာများ ပါဝင်သည်။

အထပ်သားကို ဖောက်လှီးပြီး ဆေးသုတ်ထားသော ဖန်တီးမှုကို မျှားခြင်းဟု အမည်ပေးထားသည်။ မတူညီသည့် အမြင်တစ်မျိုးစီ မြင်နိုင်စေမည်ဖြစ်သည်။ ဤဖန်တီးချက်နှင့်ပတ်သက်သည့် ဖွင့်ဆိုချက်ကို ပြပွဲကတ်တလောက်တွင် တွေ့နိုင်သည်။ ဖြားယောင်းခံရသူတို့သည် ကျောပြင်မှဒါးတန်းလန်းကို သတိမူမိမည်မဟုတ်ဟု ဤဖန်တီးမှု၏ လက်ရာရှင် သိုးထိန်းက ဆိုသည်။

ပြပွဲရှိ အသံ တပ်ဆင် တင်ဆက်ခြင်းကို ဖန်တီးသူ ဟန်ဆန်းနှင့် ပရိသတ် နှစ်ဦး
နစ်ဝင် တိုးထွက်
မြင့်သူရ၏ လက်ရာများကို မှတ်တမ်းတင်နေသူတစ်ဦး။ မြင့်သူရ၏ လက်ရာများမှာ အခရိုက်လစ်ကော်ပြားပေါ်တွင် လှီးဖြတ်ပုံဖော်ထားခြင်းဖြစ်သည်ဟု သိရသည်
မှန်ရှေ့က လူတစ်ယောက် ဟူသော လက်ရာကိုလည်း ဝဏ္ဏအောင်က ဖန်တီးထားခြင်း ဖြစ်သည်။

(သိင်္ဂီဝင်းတင်သည် Myanmar Now ၏ အလုပ်သင်သတင်းထောက်တစ်ဦး ဖြစ်သည်။)

Show More

Related Articles

Back to top button