
သြဂုတ် ၁၁ ရက်နေ့က ကချင်ပြည်နယ်၊ နမ္မတီးမြို့၊ ကဆုန်ကျေးရွာအနီး တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်သောကြောင့် ရာနှင့်ချီသော ဒေသခံများ တိမ်းရှောင်ကြရသည်ဟု မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောသည်။
“နေ့လယ် ၁ နာရီလောက်က ဖြစ်တာလို့တော့ ကြားတယ်။ လောလောဆယ် စစ်ရှောင်တွေက လမ်းခွရွာကို ရောက်နေတယ်” ဟု ဦးဝင်းနိုင်က ပြောသည်။
ညနေ ၄ နာရီခွဲခန့်တွင် ရောက်လာသော စစ်ဘေးရှောင် အရေအတွက်မှာ ၆ဝဝ ခန့် ရှိသွားပြီ ဖြစ်သည်ဟု လမ်းခွကျေးရွာရှိ ခရစ်ယာန်နှစ်ခြင်းအသင်းတော်မှ သင်းထောက်ဆရာ ဦးဆိန်ဂေါင်က ဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပင် စစ်ဘေးရှောင်များ စတင်ရွှေ့ပြောင်းလာကြောင်း၊ ၎င်းတို့ကို လမ်းခွကျေးရွာရှိ ခရစ်ယာန်နှစ်ခြင်းအသင်းတော်၊ ကက်သလစ် အသင်းတော် အဆောက်အအုံတို့တွင် နေရာထိုင်ခင်းများ စီစဉ်ပေးထားသည်ဟု ဦးဆိန်ဂေါင်က ပြောသည်။
“ အခုရောက်လာတဲ့ သူတွေက ဘာမှ မပါလာဘူးဆိုတော့ စိတ်အားငယ်တဲ့ အပိုင်းတော့ ရှိတာပေါ့” ဟု ဦးဆိန်ဂေါင်က ဆိုသည်။
ကဆုန်ကျေးရွာတွင် ကျန်ရစ်ခဲ့သည့် ဒေသခံ ၂ဝဝ ခန့်ကို သွားရောက် ခေါ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ပွဲအများအပြား ဖြစ်ပွားတတ်သည့် ကချင်ဒေသတွင် စစ်ပြေးဒုက္ခသည် သောင်းဂဏန်းအထိ ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့တို့က ဆိုသည်။