
ရန်ကုန် – ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနသစ်နှစ်ခု ထပ်မံဖွဲ့စည်းခွင့်ပြုရန် နိုင်ငံတော်သမ္မတက နိုဝင်ဘာ ၂၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်းသည် ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်ဟု ယူဆကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တချို့က မှတ်ချက်ပြုသည်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းပြည်အရေးကိစ္စများဆောင်ရွက်ရာတွင် သူတစ်ဦးတည်းက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်တွင်းအခြေအနေများကိုပါ ပူးတွဲတာဝန်ထမ်းဆောင်ရန်မှာ များပြားနေသည့်အတွက် ဆောင်ရွက်နိုင်မည့်သူများကို တာဝန်ခွဲဝေကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ်ရခြင်း ဖြစ်နိုင်သည်ဟု NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က သုံးသပ်သည်။
“အဓိကကတော့ ရခိုင်အရေးကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက်ပါပဲ။ ဒေါ်စုတစ်ယောက်တည်း အကုန်လုံးကို မကိုင်နိုင်ဘူး။ အလုပ်တွေက များတယ်။ အဲ့ဒါကြောင့် လုပ်နိုင်ကိုင်နိုင်မယ့်သူတွေကို တာဝန်ခွဲပေးတယ်ဆိုတဲ့ သဘောမျိုးပါပဲ။ ဒါမျိုး ထပ်ဖွဲ့လိုက်လို့ ဝန်ထမ်းလည်း ထပ်ခေါ်စရာမလိုသလို ရုံးလည်း ထပ်ဖွင့်စရာမလိုပါဘူး။ လုပ်သင့်တဲ့သူကို ရာထူးပေးလိုက်တာလို့ ကျွန်တော်တော့ နားလည်တယ်” ဟု ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) ၏ ကိုယ်စားလှယ်ဖြစ်သူ ၎င်းက ဆိုသည်။
ဩဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ကြည့်လျှင် လူမျိုးရေးတစ်ခုတည်းမဟုတ်တော့ဘဲ အကြမ်းဖက်ကိစ္စများနှင့်ပါ ငြိစွန်းလာသည့်အတွက် တပ်မတော်၏ စစ်ဆင်ရေးတစ်ခုတည်းဖြင့် ဆောင်ရွက်ခြင်းဖြင့် မဖြစ်နိုင်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာသံတမန်များကပါ လက်ရှိအစိုးရအပေါ် နည်းမျိုးစုံဖြင့် ဖိအားပေးခြင်း၊ အတိုက်အခံပြုခြင်းများ ပိုမိုများပြားလာနေသည့်အတွက် လုပ်ငန်းပိုမိုလုပ်ဆောင်နိုင်ရန် လုပ်ငန်းခွဲကာ ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီမှ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက သုံးသပ်သည်။
ယခင်အချိန်များက နိုင်ငံခြားရေးဝန်ကြီးဌာနတစ်ခုတည်းဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့သော်လည်း ဝန်ကြီးဌာနအသစ်တွင် ခန့်အပ်မည့်သူများကလည်း လက်ရှိအစိုးရအဖွဲ့တွင် အနီးကပ်ဆုံး ဆောင်ရွက်ပေးနေသူများဖြစ်သည်ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“ဦးသောင်းထွန်းတို့ဆိုရင် အရင်ကတည်းက အစိုးရရဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေးလုပ်ခဲ့တာ။ သူကိုယ်တိုင် ရခိုင်အရေးမှာ အစိုးရဘက်ကနေ မားမားမတ်မတ် ရပ်တည်လုပ်ပေးနေသူ။ အရင်အကြံပေးရာထူးနဲ့ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဆောင်ရွက်ရတာ အကန့်အသတ်ရှိတယ်။ အခုလိုနေရာပေး၊ ရာထူး ပေးလိုက်တော့ သူ့လုပ်ပိုင်ခွင့်ကို ပိုထိရောက်သွား တာပေါ့။ ဒါပေမယ့် အခုအသစ်တွေဖွဲ့တာ ကန့်ကွက်ဖို့တော့ မရှိပါဘူး။ လွှတ်တော်ထဲ ကျွန်တော်တို့ ကန့်ကွက်လည်းအရာထင်မှာမှ မဟုတ်တာ။ စောင့်ကြည့်ရမှာပေါ့။ ဘယ်လောက်အလုပ်ဖြစ်မလဲဆိုတာ” ဟု ဦးဦးလှစောက ဆိုသည်။
အဆိုပြုထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝန်ကြီးအဖြစ် အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းကို လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနဝန်ကြီး အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်တင်ကို လည်းကောင်း ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက တင်ပြခဲ့သည်။
ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရလက်ထက်က ဝန်ကြီးဌာန ၃၆ ခု ရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ဝန်ကြီးဌာန ၂၂ ခု ထားရှိထားခဲ့ရာ ယခု ထပ်မံဖွဲ့စည်းမည့် ဝန်ကြီးဌာနနှစ်ခုနှင့် ပေါင်းလျှင် ဝန်ကြီးဌာန ၂၄ ခု ဖြစ်လာမည်ဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သော်လည်း အုပ်ချုပ်ရေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေး၊ ဥပဒေကြမ်း စသည့်ကိစ္စရပ်များနှင့် လုပ်ငန်းတာဝန် များပြားနေမှုကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကို ထပ်မံ ဖွဲ့စည်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၏ တင်ပြချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။