
တောင်တန်းဒေသ ချင်းပြည်နယ်နှင့် နယ်နိမိတ်ဆက်စပ်နေသည့် မကွေးတိုင်း ကျောက်ထု- ထီးလင်း လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းကို အတွဲလိုက်ပေါက်ကွဲစေတတ်သည့် ပဒေသာမိုင်းဖြင့် ၅ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့က ပြောသည်။
ကျောက်ထုနှင့် ထီးလင်းမြို့ကို ဆက်သွယ်ထားသည့် မိုင် ၃၀ နီးပါးရှိ ထိုလမ်းပိုင်းကို အသုံးပြုသွားလာနေသည့် စစ်သုံးထရပ်ကားတစ်စီးနှင့် ကားသေးနှစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ ၁၆ နှင့် ၁၈ ရက်များတွင် တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကျောက်ထု PDF ထံမှ သိရသည်။
ထိုယာဉ်တန်းကို အမှတ် ၂၇၄ ခြေလျင်တပ်ရင်းမှ အင်အား ၁၀၀ ကျော်က လမ်းတစ်လျှောက်တွင် လိုက်ပါ၍ လုံခြုံရေးယူပေးခဲ့ပြီး တော်လှန်ရေးအဖွဲ့က မိုင်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်နက်ကိုင် ၂၀ ထက်မနည်း သေမည်ဟု ထိုအဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောသည်။
“အဲဒီကား (စစ်ယာဉ်တန်း) ကို သူတို့က ဘေးကနေ ကာပြီး ဖြည်းဖြည်းချင်း လိုက်ပေးတာပေါ့။ ကားလမ်းကပဲ သွားရတာဆိုတော့ အဲဒါကို မိုင်းဆွဲတာပေါ့” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁၆ တွင် ကျောက်ထုမြို့ မြောက်ဘက် ၅ မိုင်ခန့်အကွာ မိအယ်ကျေးရွာအနီး၌ ထောင်ထားသည့် ၄၅ လုံးပါ မိုင်းအတွဲလိုက်ကို ဖောက်ခွဲနိုင်ခဲ့ရာ ထိုတစ်ကြိမ်တည်းတွင် ၁၀ ဦး သေ၍ ဒဏ်ရာရသူများသည်ဟု တော်လှန်ရေးအဖွဲ့က ဆိုသည်။
ဆက်လက်ထွက်ခွာလာသည့် အဆိုပါ စစ်ကြောင်းကို ထိုနေ့ မွန်းလွဲ ၄ နာရီခန့်တွင် မိအယ်ကျေးရွာနှင့် လယ်ဆောရွာကြားတွင် ပဒေသာမိုင်း ၃ လုံး၊ နောက်တစ်ရက် (ဖေဖော်ဝါရီ ၁၈) တွင် မြောက်ဘက် မိုင် ၂၀ ဝန်းကျင်အကွာ ရွှေအောင်သာရွာဘက်မှ ထီးလင်းမြို့ဘက်သို့ ပြန်လာစဉ် မိအယ်ရွာအနီး၌ပင် မိုင်း ၁၀ လုံးဖြင့် တိုက်ခိုက်ကာ အနီးကပ်ဝင်ပစ်ခဲ့ကြောင်း၊ ၁၀ ဦးထက်မနည်း သေကြောင်း အထက်ပါ ကျောက်ထု PDF တာဝန်ရှိသူက ပြောသည်။
“(မိုင်းထိတဲ့ စစ်သားတွေကို ) သူတို့ ကားပေါ် ဆွဲတင်နေတဲ့အချိန်ကို ကျွန်တော်တို့က လက်နက်ငယ်ရော၊ လက်နက်ကြီးရောနဲ့ အနီးကပ်ဝင်ပစ်တာ၊ အဲဒီမှာ ၈ ယောက်ကတော့ ကိုယ့်ဘက်က အပိုင်ပစ်နိုင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။
အထက်ပါ နေရာများနှင့် အနီးတစ်ဝိုက်တွင် နောက်ထပ် ၂ ကြိမ် မိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်ဟု တော်လှန်ရေးအဖွဲ့ဘက်က ဆိုသည်။
ဖေဖော်ဝါရီ ၁၉ ရက်တွင် မိအယ်ရွာအနီး မြှုပ်နှံထားသည့် စစ်သားအလောင်း ၄ လောင်း တွေ့ရကြောင်း၊ မြေမြှုပ်ခဲ့သည့် အလောင်းများရှိနေသေးသော်လည်း လုံခြုံရေးအခြေအနေအရ မတူးဖော်နိုင်သေး၍ အတိအကျမသိရသေးကြောင်း၊ စစ်ကောင်စီက ယာဉ်တန်းပေါ် တင်သွားသည့် အလောင်းများလည်းရှိကြောင်း ထိုသူက ဆက်ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းကြောင့် မိအယ်၊ လယ်ဆောနှင့် ကြီးကျေးရွာတို့မှ ဒေသခံများ တိမ်းရှောင်ခဲ့ရပြီး ကားလမ်းဘေးရှိ မိအယ်ရွာနှင့် စစ်တပ် ညအိပ်ရပ်နားခဲ့သည့် လယ်ဆောရွာတို့မှ နေအိမ်နှင့် ဈေးဆိုင်အချို့ မီးရှို့ခံရသလို အလိုရှိရာပစ္စည်းများကို စစ်သားတို့ ယူသွားကြောင်း အသက် ၄၀ အရွယ် ကျောက်ထုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၁၈ ရက်တွင် စစ်ကောင်စီ စစ်ကြောင်း ကျောက်ထုမြို့သို့ ပြန်ရောက်သွားပြီးနောက်ပိုင်း တိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိသေးကြောင်း၊ ကျောက်ထုမြို့ပေါ်တွင် ပြည်သူများ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြကြောင်း ၎င်းက ဆက်ပြောသည်။
သို့သော် ယနေ့ (ဖေဖော်ဝါရီ ၂၀) နံနက်ပိုင်းတွင် ကျောက်ထုမြို့ အနောက်ဘက်တွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုရှိနေသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် နိုင်ငံအလယ်ပိုင်းမှ မကွေးတိုင်း၊ နိုင်ငံအတွင်း အဆင်းရဲဆုံးဒေသတစ်ခုဖြစ်သည့် ချင်းပြည်နယ်တို့သည်လည်း တက်ကြွစွာ ပါဝင်နေသည်။
ချင်းပြည်နယ်နှင့် ထိစပ်နေသည့် မကွေးတိုင်း ယောဒေသတွင် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီကို အဆက်မပြတ် တိုက်ခိုက်နေသည်။ အထူးသဖြင့် ချင်းပြည်နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် ကားလမ်းများတွင်ဖြစ်သည်။ ထိုတိုက်ခိုက်မှုများကို ချင်းပြည်နယ် ကန်ပက်လက်၊ မင်းတပ်မြို့မှ CDF များနှင့် ယောဒေသမှ PDF အဖွဲ့များ ပူးပေါင်းလုပ်ဆောင်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)