
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ၎င်းတို့၏ တပ်စခန်းတစ်ခု ဖေဖော်ဝါရီ ၁၃ မှ စတင်ကာ အကြီးအကျယ် ထိုးစစ်ဆင်ခံနေရသည်ဟု ယနေ့ (ဖေဖော်ဝါရီ ၁၅) တွင် ပြောသည်။
စစ်ကောင်စီတပ်က စစ်ကြောင်းများခွဲကာ နမ့်ဖတ်ကာကျေးရွာ အရှေ့မြောက်ဘက် ၁၀ မိုင်ကျော်ခန့်အကွာ တောင်တန်းများပေါ်တွင်ရှိ KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၉) စခန်းကို တိုက်ခိုက်နေခြင်းဖြစ်သည်။
ရက်ဆက်ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်တပ်က အမြောက်ပစ်ကူများ ပြုလုပ်သလို လေတပ်ကပါ ၁၀ ကြိမ်ခန့် ဗုံးကြဲခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ ဖြစ်စဉ်ရှိပါတယ်။ နောက် မြေပြင်ကလည်း တက်လာတာ ရှိပါတယ်။ ၃ ရက် အတောအတွင်းမှာ သူတို့တက်လာတဲ့ စစ်ကြောင်း ၃ ကြောင်းကို ကျွန်တော်တို့က ခုခံလို့တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများကို လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရှိသည့် ကျေးရွာအချို့မှပင် ကြားနေရသည်၊ အမြောက်ပစ်ကူများပေးနေသည်မှာ နမ့်ဖတ်ကာမြို့ပေါ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း (၁၂၃) မှ ဖြစ်သည်ဟု နမ့်ဖတ်ကာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စောစောလေးကပဲ လေယာဉ်နဲ့ ၃ ခါ (ဗုံး) လာချသွားတယ်၊ ပြီးတော့ နမ့်ဖတ်ကာတပ်ကလည်း လက်နက်ကြီးပစ်ကူ သုံးလေးချက်လောက် ပစ်တယ်၊ တိုက်ပွဲဖြစ်တဲ့အသံတွေလည်း ကြားနေရတယ်။ ခိုမုန်းကျေးရွာကဆိုရင် လက်နက်ငယ်ရော လက်နက်ကြီးသံတွေပါ ကြားနေရတယ်” ဟု အသက် (၄၀) ခန့်ရှိသည့် အဆိုပါ ဒေသခံက ပြောသည်။
နမ့်ဖတ်ကာ ခြေလျင်တပ်ရင်း (၁၂၃) တွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေးတပ်မများဖြစ်သည့် တပ်မ (၉၉)၊ တပ်မ (၁၁) တို့ လာရောက်အထိုင်ချလေ့ရှိပြီး ရှမ်းမြောက်စစ်ဆင်ရေးများအတွက် ကြားခံစခန်းအဖြစ်လည်း အသုံးပြုလေ့ရှိသည်။
ယနေ့ (ဇန်နဝါရီ ၁၅) အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်၏ မြေပြင်စစ်ကြောင်း ၃ ခုအနက် စစ်ကြောင်း ၂ ကြောင်းမှာ ရှေ့မတိုးနိုင်ဘဲ ရှိနေသည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“သူတို့ (စစ်ကောင်စီ) ဘက်ကလည်း နည်းနည်းအထိနာတဲ့ ပုံစံတော့ ရှိပါတယ်၊ ဒါကြောင့် စစ်ကြောင်း ၂ ကြောင်းလောက်တော့ နည်းနည်းတန့်နေတဲ့ ပုံစံရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အဲဒီလောက်ကြီးတဲ့ တိုက်ပွဲဆိုရင်တော့ နှစ်ဖက်ကတော့ အထိအခိုက်အကျအဆုံးကတော့ အနည်းနဲ့ အများရှိမှာပါ၊ အတိအကျ (ကျဆုံးစာရင်း) တက်လာတာတော့ မရှိပါဘူး”
တိုက်ပွဲဧရိယာအတွင်းသို့ နမ့်ဖတ်ကာတပ်ရင်းအပြင် ကွတ်ခိုင်ဗျူဟာစခန်းနှင့် မူဆယ် (၁၀၅ မိုင်) တပ်ရင်းတို့က လက်နက်ကြီးပစ်ကူများ ပေးခဲ့ပြီး လက်နက်ကြီးကျည်အချို့ ကျေးရွာများအနီး ကျရောက်ပေါက်ကွဲခဲ့သည်။
ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် KIA တပ်များလှုပ်ရှားရာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခဲ့သည်။
ဇန်နဝါရီ ၁၃ တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခလရ (၃၈၉) တပ်မှ ဒုတပ်ရင်းမှူး ဦးဆောင်သည့်အဖွဲ့ကို KIA က ဖမ်းဆီးလိုက်သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖမ်းဆီးသည့်ဖြစ်စဉ်မှန်သော်လည်း ၎င်းတို့ဖမ်းလာသည့်အထဲတွင် ဒုတပ်ရင်းမှူး မပါဝင်ကြောင်း Myanmar Now ကို အတည်ပြုပြောဆိုသည်။
ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အဆိုးရွားဆုံးလေကြောင်းတိုက်ခိုက်မှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ပြုလုပ်ခဲ့သေးသည်။ ဖားကန့်ဒေသ အနန့်ပါရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KIA အရာရှိများ၊ အနုပညာရှင်၊ စီးပွားရေး သမားများ အပါအဝင် ၆၂ ဦး သေဆုံးကာ ၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု KIA ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း ထုတ်ဖော်ပြောကြားထားသည်။
စစ်ကောင်စီဝါဒဖြန့် သတင်းစာ၏ ဖေဖော်ဝါရီလ ၁၅ ရက် ဖော်ပြချက်တွင် KIA အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် PDF တို့သည် “ပြည်သူလူထုကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်နေသည်” ဟု ဖော်ပြသည်ကို တွေ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)