
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် မြတောင်စစ်ဆေးရေးဂိတ်စခန်းကို ယမန်နေ့ (ဖေဖော်ဝါရီ ၂) နံနက်တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး လက်နက် ၄ လက် ရခဲ့သည်ဟု ဒေသတွင်း ပူးပေါင်းကာကွယ်ရေးအဖွဲ့က ပြောသည်။
မန္တလေး-ဗန်းမော်လမ်းနှင့် ထီးချိုင့်မြို့သို့ သွားသည့် လမ်းဆုံဖြစ်သည့် မြတောင်လမ်းဆုံရှိ ထိုစခန်းကို နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဘန်ကာ၊ တန်းလျားများ ရှိသည့် ထိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်က အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားခြင်းဖြစ်ကာ ၂ နာရီခွဲခန့်ကြာအောင် တိုက်ခိုက်ခဲ့ကြသည်ဟု ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ဆိုသည်။
နံနက် ၇ နာရီခွဲခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး တိုက်ပွဲအတွင်း မျက်မြင်တွေ့ရှိမှုအရ စစ်ကောင်စီတပ်မှ ၇ ဦး သေဆုံး၊ ၈ ဦးခန့် ဒဏ်ရာရသည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ပူးပေါင်းတပ်ဖွဲ့မှ တာဝန်ခံက ပြောသည်။
“တိုက်ပွဲပြီးတော့ ကျွန်တော်တို့ ကျည်ဆန်တွေရော၊ လက်နက်တွေရော ရတယ်၊ သိမ်းချင်တာ အားလုံးသိမ်းပြီး ကျွန်တော်တို့ ပြန်ဆုတ်တယ်၊ ကတုတ်ကျင်းကိုတော့ ကျွန်တော်တို့က ကြာကြာထိန်းလို့မရဘူး၊ ပြန်ဆုတ်လာခဲ့ကြတာ” ဟု အထက်ပါ တာဝန်ခံက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်က ထီးချိုင့်မြို့ အရှေ့မြောက်ဘက် တကောင်းနီကယ်စက်ရုံဘက်မှ စစ်ကားသုံးစီးနှင့် ထီးချိုင့်မြို့အနောက်ဘက်မှ စစ်ကားနှစ်စီးဖြင့် စစ်ကူလာရောက်ခဲ့သည်။
တကောင်းနီကယ်စက်ရုံမှ လာသည့် စစ်ကားသုံးစီးကို လမ်းမှ ဖြတ်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုကိုတော့ မသိရပေ။
တိုက်ပွဲဖြစ်ပွားရာ အနီးအနားတွင် နေထိုင်သည့် ဒေသခံများ၏ သတင်းပေးပို့မှုအရ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး သေဆုံးသည်ဟု သိရသော်လည်း အတည်မပြုနိုင်သေးဟု ပူးပေါင်းအဖွဲ့က ပြောသည်။
ပူးပေါင်းအဖွဲ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း(၃)၊ ထီးချိုင့်-PDF Special 9 အဖွဲ့နှင့် မြို့နယ် (ပကဖ) အဖွဲ့တို့ ပါဝင်သည်ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီဂိတ်အနီးတွင် ရှိသည့် အောင်သုခထမင်းဆိုင်မှ ဆိုင်ရှင် ဦးဖိုးလုံး ဆိုသူကိုပါ ဖမ်းထားကြောင်း ပူးပေါင်းအဖွဲ့တာဝန်ခံက ပြောသည်။
“သူ့ကိုက တစ်နယ်လုံးက ဖိုးလုံးလို့ပဲ သိကြတာ၊ ပျူစောထီးအဆင့်ပဲ။ သူက လက်နက်လည်း ကိုင်ထားတယ်၊ စကစတွေနဲ့အတူ ဂိတ်မှာပဲ ပိုက်ဆံတွေလည်း ကောက်တယ်၊ စစ်သားတွေက သူ့အိမ်မှာလည်း နေတယ်၊ အတူသောက်စားကြတယ်ဗျ” ဟု အဆိုပါ တာဝန်ခံက ပြောသည်။
ဆိုင်ပိုင်ရှင် ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now က အတည်မပြုနိုင်သေးပေ။
တိုက်ခိုက်ခံရသည့် စစ်ဆေးရေးဂိတ်ကို အင်အားထပ်ဖြည့်ထားကာ အင်အား ၁၅၀ ခန့်ဖြင့် တပ်စွဲထားသည်၊ စခန်းအနီးဝန်းကျင်တွင်လည်း မိုင်းများထောင်ထားသည်ဟု သိရသည်။
တိုက်ပွဲအပြီး မြို့ပေါ်တွင် ဒေသခံတို့ ပုံမှန်အတိုင်းပင် သွားလာလှုပ်ရှားနေကြသည်၊ သို့သော်လည်း ထီးချိုင့်မြို့တွင်းနှင့် ထီးချိုင့်မြို့အရှေ့ဘက် တံတားထိပ်ရှိ မြတောင်ရဲစခန်းရှေ့တွင် အစစ်အဆေးများ မရှိတော့ကြောင်း ထီးချိုင့်ဒေသခံ အသက် (၄၀) ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် ပစ်သတ်သည့်အတွက် တစ်နိုင်ငံလုံးနီးပါး လက်နက်ကိုင်တော်လှန်ကြရာတွင် စစ်ကိုင်းတိုင်းလည်း အင်ပြည့်အားပြည့် ပါဝင်ခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်း ကချင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ကသာ၊ ထီးချိုင့် စသည့်မြို့နယ်များမှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ စစ်သင်္ဘောများနှင့် ခြေလျင်စစ်ကြောင်းများကို အဆက်မပြတ်တိုက်ခိုက်နေသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် ကသာခရိုင်အတွင်း ကသာ၊ ထီးချိုင့်မြို့များအပြင် စစ်ကောင်စီက ဖေဖော်ဝါရီ ၂ တွင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် ဗန်းမောက်၊ အင်းတော်မြို့တို့ ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)