သတင်း

ကရင်လက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲဖြစ်၊ တစ်ဦးသေဆုံး 

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကော်သူလေးတပ်မတော် (KTLA) တို့ ယမန်နေ့ (ဖေဖော်ဝါရီ ၁ ရက်) တနင်္သာရီတိုင်း မြိတ်- ထားဝယ်ခရိုင်အတွင်း ထီးမုပွားဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KTLA ဘက်မှ ရဲဘော်တစ်ဦး ​သေဆုံးသည်ဟု သိရသည်။

KNU ၏ မြိတ်- ထားဝယ်ခရိုင်အတွင်း ဗိုလ်စောအေယ်ခွီးဦးဆောင်သည့် KTLA လက်အောက်မှ PDF များ အမြန်ဆုံးထွက်ခွာပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့် အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်တွဲကြရန် KNLA တပ်မဟာ (၄) က ထုတ်ပြန်ပြီး တစ်ရက်အကြာတွင် ထိုသို့တိုက်ပွဲဖြစ်သည်။

“စစ်ကောင်စီလာတဲ့ လမ်းကြောင်းကို သွားစောင့်နေတာမှာ KNLA တပ်မဟာ(၄) ဘက်နေ စပြီး ပစ်ခတ်တာပါ။ အချင်းချင်းဆိုပြီး ပြန်မပစ်ဘူးလုပ်တာမှာ နောက်ဆုံး ကျွန်တော်တို့ဘက်ကလည်း ပြန်ပစ်ရတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး ကျဆုံးသွားပါတယ်” ဟု KTLA မှ ဗိုလ်ကြီးစောဆာကညော့က ပြောသည်။

အဆိုပါ တိုက်ပွဲကိစ္စနှင့် ပတ်သက်၍ KNU တပ်မဟာ ၄ ဘက်သို့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ရှိသူများ ပြန်လည်ဖြေကြားနိုင်ခြင်း မရှိပေ။

“ကျွန်တော်တို့ကလည်း KNLA က စစ်ကောင်စီကိုပဲ တိုက်မယ်ထင်တာ။ လောလောဆယ် မှတ်ချက်ပေးချင်တာကတော့ KNLA က စစ်ကောင်စီနဲ့ ပူးပေါင်းနေသလားဆိုတာပဲ။ စစ်ကောင်စီနဲ့သာ မပူးပေါင်းရင် ကျွန်တော်တို့ကို ဘယ်တိုက်မလဲ” ဟု ဗိုလ်ကြီး စောဆာကညော့က ဆက်ပြောသည်။

KNLA တပ်မဟာ (၄) စစ်ရုံး၏ ပြီခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်ချက်အရ KNU တပ်မဟာ ၄ နယ်မြေဖြစ်သော မြိတ်-ထားဝယ်ခရိုင်ရှိ KTLA မှ ဗိုလ်စောအယ်ခွီးနှင့်အဖွဲ့သည် KNU ၏ အုပ်ချုပ်ရေးကိစ္စများအပေါ် ဝင်ရောက်နှောင့်ယှက်နေသည်ဟု ဆိုသည်။

KNLA တပ်မဟာ (၄) စစ်ရုံး၏ ထုတ်ပြန်ချက်ကို KTLA ဘက်မှ စွပ်စွဲမှုတစ်ခုသာဖြစ်သည်ဟု ပြန်လည်တုံ့ပြန်သည်။

“ဒါ  KTLA ကို မတရားစွပ်စွဲတာပါပဲ။ KTLA က ပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ထုတ်နေတာပါ။ ဒီထုတ်ပြန်ချက်အပေါ်မှာလည်း PDF တွေနဲ့ ပြည်သူတွေက ဘယ်လိုမှ သဘောမထားပါနဲ့လို့ပဲ ပြောချင်ပါတယ်” ဟု KTLA ပြောခွင့်ရ ဗိုလ်ကြီးစောဆာကညော့က ဆိုသည်။

သို့သော် KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကမူ “ကျွန်တော်တို့ မူဝါဒအရ ပြတ်ပြတ်သားသား ရပ်တည်ဖို့ လိုအပ်လာတယ်။ အထူးသဖြင့် အဲ့ဒီအထဲ (စောအယ်ခွီးလက်အောက်) မှာ ပါဝင်နေမယ့် PDF တွေ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကို အဲ့ဒီနေရာကနေ ထွက်ခွာသွားဖို့ ကြေညာထားတာ ဖြစ်ပါတယ်။ ဒီလို အမှားမှားအယွင်းယွင်း အလဲလဲအကွဲကွဲ မဖြစ်ဖို့ဆိုတာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတစ်လမ်းပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က မြိတ်-ထားဝယ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း အရပ်သား ၈ ဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်တွင် KTLA က ပြုလုပ်သည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။ အဆိုပါ စွပ်စွဲချက်နှင့် ပတ်သက်ပြီး KTLA တပ်ရင်း ၃ တပ်ခွဲ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စောဆာကညော့က ၎င်းတို့ကျူးလွန်ထားခြင်း လုံးဝမရှိကြောင်း ငြင်းဆိုသည်။

မြိတ်-ထားဝယ်ခရိုင်၊ KNU တပ်မဟာ ၄ နယ်မြေအတွင်း KTLA နှင့် KNLA တို့အကြား ဖြစ်ပွားနေသည့် သဘောထားတင်းမာနေမှုများနှင့် ပတ်သက်ပြီး KNU ၏ မူဝါဒများနှင့် ဆန့်ကျင်လုပ်ဆောင်နေသည့် ကိစ္စရပ်များကို လုံးဝလက်မခံနိုင်ဟုလည်း ပဒိုစောတောနီးက ဆိုသည်။

KTLA ကို KNU ခေါင်ဆောင်ဟောင်း ဗိုလ်ချုပ်မြ၏ သားဖြစ်သူ ဗိုလ်ချုပ်နယ်ဒါးမြက ဦးဆောင်နေပြီး ​ဇန်နဝါရီ ၃၁ ရက်က ကျရောက်သည့် ၇၄ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် စစ်ကောင်စီကို စုစည်းညီညွတ်စွာ တွန်းလှန်ရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button