
မကွေးတိုင်းအနောက်မြောက်ပိုင်း ဆောမြို့နယ်တွင် ဇန်နဝါရီ ၂၉ ရက်မှစ၍ တပ်မ ၅၅ လက်အောက်ခံတပ်နှင့် သုံးရက်တာတိုက်ပွဲဖြစ်ခဲ့စဉ် စစ်ကောင်စီဘက်မှ အသေအပျောက်များသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။
မကွေးတိုင်းမှ ချင်းပြည်နယ်တောင်ပိုင်းသွားရာ လမ်းပေါ်ရှိ ကျောက်ထုမြို့မှ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထွက်လာသည့် တပ်မ ၅၅ လက်အောက်ခံ ခြေမြန်တပ်ရင်း (၁၁၀) နှင့် (၁၀၁) ပူးပေါင်း အင်အား ၇၀ ကျော်သည် ဆောနှင့် ကျောက်ထုမြို့နယ်အကြား ရွာများကို စစ်ကြောင်းထိုးစဉ် တိုက်ပွဲဖြစ်သည်ဟု သိရသည်။
အဆိုပါ စစ်ကြောင်း ဆောမြို့နယ် ပေါက်တောကျေးရွာအရောက် ဇန်နဝါရီ ၂၉ တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဂန့်ဂေါခရိုင် တပ်ရင်း(၈)၊ (၉)၊ ဆော (PDF) တပ်ရင်း(၂)နှင့် ဆော(ပကဖ) တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ ခန့် သေဆုံးနိုင်ပြီး ပူးပေါင်းတပ်များမှ လူထိခိုက်မှု မရှိသော်လည်း ထောက်လှမ်းရေးဒရုန်းတစ်စင်း ဆုံးရှုံးခဲ့သည်ဟု ဆော PDF တပ်ရင်း(၂) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ပေါက်တောရွာမှာ ရောက်တဲ့အချိန်မှာ ကျွန်တော်တို့က အဖွဲ့ပေါင်းစုံဝိုင်းပြီးတော့၊ တပ်ရင်းပေါင်းစုံက သွားပစ်ကြတာ၊ ဒရုန်းနဲ့ ဗုံးကြဲတယ်၊ စနိုက်ပါနဲ့လည်း သွားပစ်ကြတယ်”
နောက်တစ်နေ့ (ဇန်နဝါရီ ၃၀) တွင် ဒေသခံများ တိမ်းရှောင်နေသည့် ကွမ်းခင်းရွာသို့ စစ်ကြောင်းထိုးစဉ် ရွာအတွင်း ကြိုတင်ထောင်ထားသည့် ပဒေသာမိုင်း အလုံး ၅၀ ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဂန့်ဂေါခရိုင် တပ်ရင်း (၈) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းကလည်း ပြောသည်။
“ရွာကို လာမယ်ဆိုတာ နာရီဝက်လောက် ကြိုသိရတယ်။ ရွာသားတွေအားလုံးကလည်း ရှောင်နေကြပြီဆိုတော့ အချိန်ရတဲ့ နာရီဝက်အတွင်းမှာ တစ်ရွာလုံး ပတ်ပတ်လည် ထောင်ထားတာပေါ့၊ သူတို့ရွာထဲကို ဝင်ပြီဆိုမှ ခွဲတာ”
ပဒေသာမိုင်းဖြင့် တိုက်ခိုက်နိုင်သဖြင့် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိုနေ့ညတွင် ကွမ်းခင်းရွာ၌ တပ်စွဲကာ ဒဏ်ရာရသူများကို ဆေးကုသပေးနေခဲ့သည်ဟုလည်း သိရသည်။

ဇန်နဝါရီ ၃၁ ရက် နံနက် ၅ နာရီခန့်တွင် ကွမ်းခင်းရွာအတွင်းရှိနေဆဲဖြစ်သော စစ်ကြောင်းကို PDF အဖွဲ့များက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်ကြောင်း ဆုတ်ခွာသွားသည်ဟု ဗိုလ်ရန်ကင်းက ပြောသည်။
“မနက်စောစောဝင်တိုက်တယ်။ အချိန်ကတော့ ၁ နာရီခွဲလောက် ကြာမယ်။ သူတို့မထွက်တော့ ကျွန်တော် တို့က ဝင်စီးတာပေါ့၊ လက်နက်ကြီးတွေနဲ့ပါ အပြန်အလှန်ပစ်ကြတယ်”
တိုက်ပွဲခေတ္တရပ်နားချိန်တွင် စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများကို သယ်ထုတ်ပြီး ကျောက်ထုမြို့ဘက်သို့ ဆုတ်ခွာသွားကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်တွင် ကျောက်ထုရှိ အမြောက်တပ်အတွင်းသို့ ပြန်လည်ခိုအောင်းသွားကြောင်း သိရသည်။
သုံးရက်တာတိုက်ပွဲအတွင်း မိုင်းဆွဲသူများနှင့် ကင်းထောက်သူများ၏ စောင့်ကြည့်မှုများအရ စစ်ကောင်စီ ဘက်မှ ၂၀ ဝန်းကျင်ခန့် သေဆုံးသည်ဟု ယူဆရပြီး စစ်ကြောင်းစထိုးစဉ်က ၇၅ ယောက်ပါ စစ်ကောင်စီစစ်ကြောင်းသည် အမြောက်တပ်တွင်းသို့ ပြန်လည်ဝင်ရောက်ချိန်တွင် အယောက် ၅၀ ကျော်သာ ကျန်ရှိတော့သည်ဟု ဗိုလ်ရန်ကင်းက ပြောသည်။
စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။ စစ်ကောင်စီကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။
လွန်ခဲ့သည့်နှစ်ရက်က ပြုလုပ်ခဲ့သော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က တစ်နိုင်ငံလုံး မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ထက်ဝက်ခန့်သာ ထိန်းချုပ်နိုင်သည်ဟု ဝန်ခံပြောဆိုခဲ့သည်။
အာဏာသိမ်းပြီးနောက် လအနည်းငယ်အတွင်းမှာပင် မကွေးတိုင်းအနောက်ခြမ်းရှိ ယောဒေသတွင် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ကာ ချင်းပြည်နယ်နှင့် မကွေးတိုင်းအတွင်း လှုပ်ရှားနေသည့် ဒေသ ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို အဆက်မပြတ်တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)