ကချင်ပြည်နယ် ဖားကန့်၊ ကာမိုင်း၊ ဆယ်ဇင်း စသည့်နေရာများမှ စစ်ကောင်စီတပ်စခန်း ၄ ခုကို နှစ်ရက်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၅) ည ၈ နာရီခန့်က ဖားကန့်မြို့နယ် မှော်စီဆာရဲစခန်းကို တိုက်ခိုက်ဖျက်ဆီးသည် ဟု PDF နှင့် နီးစပ်သူ ဖားကန့်ဒေသခံ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“တိုက်တဲ့အချိန်က သိပ်မကြာဘူး၊ စခန်းကိုမီးရှို့ပြီးထွက်သွားပြီးမှ လုံးခင်းဘက်ကနေ စစ်ကောင်စီက လက်နက်ကြီး တောက်လျှောက်ပစ်တော့တာ” ဟု အဆိုပါ အမျိုးသားက ဆက်ပြောသည်။
ယနေ့ နံနက် ၄ နာရီခန့်တွင် KIA က တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နေရာများမှာ ကာမိုင်းမြို့ရှိ စစ်ကောင်စီဗျူဟာစခန်း၊ မိုးကောင်းမြို့နယ် နန့်ဟိုင်ရွာအနီးရှိ စစ်စခန်း၊ ဆယ်ဇင်းရွာအနီးရှိ ရှမ်းနီအမျိုးသားများတပ်တော်(SNA)နှင့် စစ်ကောင်စီ ပူးပေါင်းတပ်စခန်းတို့ ဖြစ်သည်ဟု သိရသည်။
KIA တပ်မဟာ(၉)လက်အောက်ခံ တပ်ရင်း(၄၄)တပ်များက မြစ်ကြီးနား-ဖားကန့်လမ်းမပေါ်တွင်ရှိသည့် နန့်ဟိုင်ရွာ၏ အနောက်ဘက် တောင်ကုန်းပေါ်မှ စစ်ကောင်စီတပ်စခန်းကို တိုက်ခြင်းဖြစ်သည်၊ ကာမိုင်းဗျူဟာကုန်းမှ စစ်တပ်ကလည်း KIA တပ်သားများ ရှိနိုင်သည့် နေရာကို လက်နက်ကြီးနှင့် ပစ်သည်ဟု သိရသည်။ ထိုဗျူဟာကုန်းကို KIA,PDF ဝင်တိုက်သည့်အခြေအနေအသေးစိတ်ကိုမူ မသိရသေးပေ။
နံနက် ၉ နာရီခန့်အထိ ပစ်ခတ်သံများကိုကြားနေခဲ့ရပြီး ရွာအနီး လက်နက်ကြီးကျည် တစ်လုံး ကျရောက်သော်လည်း မပေါက်ကွဲခဲ့ကြောင်း နန့်ဟိုင်ရွာသားတစ်ဦးက ပြောသည်။
“ဘယ်ဘက်က ပစ်တာလည်းမသိဘူး၊ အသံကတော့ မနက်အထိကို ကြားနေရတယ်။ လက်နက်ကြီးတစ်လုံးလည်း ရွာအစွန် လမ်းမကြီးဘေးမှာ ကျတယ်၊ ဒါပေမဲ့ မပေါက်ဘူး” ဟု ထိုသူက ဆိုသည်။
ယနေ့နံနက် တိုက်ပွဲဖြစ်ပွားစဉ် နန့်ဟိုင်ရွာသားအချို့ စိုးရိမ်ပြီး တိမ်းရှောင်ကြသော်လည်း မွန်းလွဲပိုင်းတွင် ရွာအတွင်း ပြန်ရောက်လာကြသည်ဟု သိရသည်။
တစ်ချိန်တည်းမှာပင် နံနက် ၄ နာရီ၌ ဖားကန့်မြို့နယ်မှ ထင်ရှားသည့် ဆယ်ဇင်းရွာ၏ တောင်ဘက် ၄ မိုင် ခန့်အကွာ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် SNA တပ်များ ရှိသည့် စခန်းကို KIA,PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
နံနက်အစောပိုင်းမှ စတင်ကာ ပစ်ခတ်သံများ ထွက်ပေါ်လာပြီး KIA က စခန်းသိမ်းလိုက်နိုင်သည်ဟု သတင်းကြားရကြောင်း ဆယ်ဇင်းဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“မနက်ခင်း ၄ နာရီလောက်ဆိုတော့ အသံတွေတော်တော်များများကြားရတယ်၊ လက်နက်ကြီးသံတွေရော စက်ကလေး(စက်သေနတ်)သံတွေရောကြားရတယ်၊ တိုက်ပွဲအသေးစိတ် ကျဆုံးတာတွေတော့ မသိရသေးဘူး” ဟု အထက်ပါဒေသခံအမျိုးသားက ပြောသည်။
ဆယ်ဇင်းရွာမှာ ပြီးခဲ့သည့်နှစ်အတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားစဥ် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရပြီးနောက် ဒေသခံများရွာကို စွန့်ခွာခဲ့ကြပြီး ယခုမှ ပြန်လည် အခြေချရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအချို့က စိုးရိမ်ထိတ်လန့်နေကြပြီး မွန်းလွဲပိုင်းတွင် ရွာအတွင်း အသွားအလာ ကျဲပါးသွားသည်ဟု ဒေသခံအချို့က ပြောသည်။
ယမန်နေ့ နံနက် ၁၀ နာရီခန့်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီး အနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် KIA တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။
KIA က PDF အဖွဲ့များကို သင်တန်းပေး၊ လက်နက် ထောက်ပံ့ပေးသည့်အပြင် ပူးပေါင်း တိုက်ခိုက် ပေးနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)