သတင်း

ပခုက္ကူတွင် စစ်ယာဉ်တန်းကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင်   စစ်တပ်ယာဉ်တန်းကို  ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်သား ၂ ဦး သေဆုံးသည်ဟု တိုက်ခိုက်ခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဇန်နဝါရီ ၁၃   မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီတပ်စခန်းချရာ ပခုက္ကူမြို့ပေါ်နှင့် မိုင်အနည်းငယ်သာ ကွာဝေးသော အင်ပင်ကျေးရွာသို့ သွားသည်ဟု ယူဆရသည့် အိမ်သုံးကား၂ စီး၊ ခြောက်ဘီးကား ၁ စီး နှင့် ထိုလမ်း၏ ဘေးလမ်းမှ မောင်းနှင်လာသည့် အိမ်သုံးကား ၁ စီးတို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်၊ ကားပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ လိုက်ပါလာသည် ဟု ဒေသအခြေစိုက် Young Force(UG) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။  

“ပျူစောထီးတွေအပါဆိုရင် အနည်းဆုံးအင်အား ၃၀ ကျော်မယ်။ ကျွန်တော်တို့ ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲခဲ့တယ်” ဟု သူက  ပြောသည်။

‘’ကား ၁ စီး၊ ၂ စီးဆို ကျွန်တော်တို့က လာရင် ပစ်မလို့။ အခုက အင်အားလည်း ကိုယ့်ထက်များနေ ၊ ပစ်ကွင်းလည်း မသာတော့ ပြန်ဆုတ်ပေးလိုက်တာ သူတို့(စစ်တပ်)က ကျွန်တော်တို့ကို ဝိုင်းဖို့လုပ်တာ။ အဲဒါနဲ့ မိုင်းပဲ ဆွဲလိုက်တာ ”  

အတန်းလိုက် မိုင်းဆင်ကာ ဖောက်ခွဲရသော ပဒေသာမိုင်းဖြင့် တိုက်ခိုက်မှုကို ဒေသခံကာကွယ်ရေး အဖွဲ့များဖြစ်သော Young Force (UG), Pakokku Ranger,  သံမဏိသိမ်းငှက်(မြိုင်)၊ ThuRain (TR) တပ်ခွဲ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်သုံးကားတစ်စီး မိုင်းထိမှန်ခဲ့ပြီး စစ်သားများက လက်နက်ကြီးများဖြင့်ပါ တရစပ် ပြန်လည်ပစ်ခတ်ခဲ့သည် ဟု သိရသည်။

“ ၆ ဘီးကားပေါ်ကနေ လက်နက်ကြီးတွေနဲ့ တအားဆွဲတာ ၄၀ မမတွေနဲ့ပါပစ်တာ ဘေးပတ်လည်ကို။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး” ဟု Young Force(UG) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပျက်စီးသွားသော မော်တော်ယာဉ်ကို ကျန်ကားများဖြင့် ဆွဲသွားသည်၊ ထိခိုက်ဒဏ်ရာ ရသူများကို ပခုက္ကူမြို့နယ်ဆေးရုံသို့ ပို့လိုက်သည်ဟု သိရကြောင်း သူက ဆက်ပြောသည်။

“ဆေးရုံကို လူနာ ၄ ဦးရောက်လာတယ်၊ ၂ ဦးက သေချာပေါက်သေသွားတယ်” ဟု သူက  တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အနီးတစ်ဝိုက်မှ ဒေသခံများနှင့် ဆေးရုံရှိ ၎င်းတို့၏သတင်းရင်းမြစ်များပြောဆိုချက်အား ကိုးကား၍ ပြောသည်။

ထိုပြောဆိုမှုနှင့် ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပေ။အင်ပင်ကျေးရွာအနီးရှိ စစ်သားများ ဝင်ထွက်သွားလာနေကျ မကျီးကိုးပင်ရွာကို နောက်တစ်နေ့ (ဇန်နဝါရီ ၁၄) တွင် စစ်သားအများအပြားက စစ်ကြောင်းထိုးမွှေနှောက်သည်၊ ထိုရွာရှိ စစ်တပ် သတင်းပေး ဒလန်တစ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍သော်လည်းကောင်း၊ မိုင်းဆွဲတိုက်ခိုက် ခံရ၍သော်လည်းကောင်း ဖြစ်နိုင်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ယူဆပြီး ဖမ်းဆီးခံရသူ မရှိကြောင်း သိရသည်။ 

စစ်တပ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သော Young Force(UG) အဖွဲ့မှ အဖွဲ့ဝင်တချို့ မကြာသေးခင်က ပစ်သတ်ခံရသည်။၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ က အဖွဲ့ဝင်လူငယ် ၅ ဦး  မြိုင်မြို့နယ်အတွင်းရှိ တစ်နေရာတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရန်အသွား စစ်တပ်ကင်းပုန်းနှင့်တည့်တည့်တိုးကာ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button