သတင်း

သိန္နီမြို့နယ်တွင် MNDAA နှင့် စစ်တပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်အတွင်း ဇန်နဝါရီ ၁၃၊ ၁၄ တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ အသေအပျောက်များသည်ဟု ကိုးကန့်လက်နက်ကိုင်အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကိုးကန့်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၏ သိန္နီမြို့နယ် နမ့်ဆလပ်ကျေးရွာအနီးရှိ တပ်စခန်းကို  စစ်ကောင်စီတပ် စကခ (၁၆) လက်အောက်ခံ ခြေမြန်တပ်ရင်း (၅၆၈) က ထိုးစစ်ဆင်ခဲ့သည်ဟု ကိုးကန့်အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“၁၃ ရက်နေ့က နမ့်ဆလပ်ရွာနားမှာရှိတဲ့ ကျွန်တော်တို့ရဲ့ တပ်စခန်းကို ထိုးစစ်လာဆင်တာ၊ နာရီဝက်လောက် (တိုက်ပွဲ) ဖြစ်ပြီးတော့ သူတို့ပြန်ဆုတ်သွားတယ်။ အဲဒီပွဲတုန်းကတော့ ကျွန်တော်တို့ဘက်က တစ်ယောက် အသက်စွန့်လွှတ်လိုက်ရတယ်။ သုံးလေးယောက်လောက် ဒဏ်ရာရခဲ့တယ်” ဟု သူက ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သေဆုံး၊ ဒဏ်ရာရသူ ၃၀ ထက်မနည်းရှိခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် လူနာတင်ကားနှင့် စစ်ကားအများအပြားက တိုက်ပွဲဖြစ်ပွားရာနေရာမှ လူနာများနှင့် သေဆုံးသူများကို သယ်ဆောင်သွားကြသည်ဟု MNDAA ဘက်က ပြောသည်။

ထို့နောက် ဇန်နဝါရီ ၁၄ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် သိန္နီမြို့နယ် တာယန်းကျေးရွာအုပ်စုအနီးရှိ ကိုးကန့်စခန်းကို စကခ(၁) လက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၁) တပ်များက လာရောက် တိုက်ခိုက်ကြောင်း၊ နှစ်နာရီနီးပါး တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပြန်ဆုတ်သွားကြောင်း သိရသည်။

ယင်းနေ့တိုက်ပွဲအတွင်း MNDAA ဘက်မှ ထိခိုက်၊ ဒဏ်ရာရမှုမရှိခဲ့သလို စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အတိအကျမသိရသေးဟု ဆိုသည်။

ယနေ့ နံနက်တွင် စစ်ကောင်စီထိုးစစ်ရပ်ထားသည့်အတွက် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ရေးတင်းမာမှု ဆက်ရှိနေဆဲဖြစ်သည်ဟု ကိုးကန့်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အခုလောလောဆယ်ကတော့ ငြိမ်နေတယ် ပြောရမှာပေါ့။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိသေးဘူး၊ သတင်းလည်း ပို့မလာသေးဘူး။ ဒါပေမဲ့ စောင့်ကြည့်နေဆဲပဲ”

တိုင်းရင်းသားပေါင်းစုံပါဝင်သည့် တပ်မဟာ ၆၁၁ သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၃ ရက်က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-The Kokang)

တိုက်ပွဲဖြစ်ပွားခဲ့သည့် သိန္နီမြို့နယ်မှာ ကိုးကန့် တပ်မဟာ ၂၁၁ ထိန်းချုပ်နယ်မြေဖြစ်ပြီး ပြီးခဲ့သည့်လဆန်းက တိုင်းရင်းသားပေါင်းစုံပါဝင်သည့် တပ်မဟာ ၆၁၁ ကို လက်နက်တပ်ဆင်ပေးခဲ့သည်။

အဆိုပါ တပ်မဟာ ၆၁၁ သည် နွေဦးတော်လှန်ရေးကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာသည့် နိုင်ငံအနှံ့မှ တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဆိုပါ တပ်မဟာ၏ စစ်ရေးလှုပ်ရှားမှုများကို ဖြေဆိုရန် ကိုးကန့်အဖွဲ့က ငြင်းဆန်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲများပြင်းထန်လာသည့် တိုင်းရင်းသားဒေသများတွင် ရှမ်းပြည်နယ်မြောက်ပိုင်းလည်း အပါအဝင်ဖြစ်သည်။

အာဏာသိမ်းကာလ နှစ်နှစ်တာအတွင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် မုံးကိုး၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ ချင်းရွှေဟော်မြို့နယ်တို့တွင် တိုက်ပွဲပေါင်းများစွာဖြစ်ပွားရာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ တိုက်ခိုက်မှုများကို အားပြုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button