သတင်း

ရှမ်းမြောက်တွင် လက်နက်ကြီး အားကိုးသည့် စစ်ကောင်စီ ထိုးစစ် မအောင်မြင်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်ဒေသရှိ တပ်စခန်းကို စစ်ကောင်စီက လက်နက်ကြီး ၁၀၀ ကျော် ပစ်ခတ်၊ မြေပြင်စစ်ကြောင်းဖြင့် ထိုးစစ်ဆင်သော်လည်း ခုခံကာကွယ်နိုင်ခဲ့သည်ဟု ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) က ပြောသည်။

မုံးကိုးမြို့အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာ မုံးပေါ်၊ ဝိန်းဆိုင်ရွာအနီးရှိ ကိုးကန့် တပ်မဟာ ၅၁၁ လက်အောက်ခံ တပ်စခန်းကို ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၁နာရီခန့်မှစ၍ စစ်ကောင်စီက အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးပစ်ကူကို အားပြု၍ တပ်မ ၉၉ လက်အောက်ခံ အမှတ် (၄၂၀) ခြေမြန်တပ်ရင်းမှ အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့ စခန်းကို သုံးနာရီခန့်ကြာ လာရောက် တိုက်ခိုက်ခဲ့သော်လည်း အထိနာသွား၍ တပ်ပြန်ဆုတ်သွားကြောင်း၊ လက်နက်အချို့ သိမ်းဆည်းရမိကြောင်း ကိုးကန့်အဖွဲ့ဘက်က ပြောသည်။

“အဲဒီတိုက်ပွဲမှာ ကျွန်တော်တို့က ခုခံကာကွယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဝမ်းနည်းစွာနဲ့ပဲ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်၊ တစ်ယောက်ဒဏ်ရာရခဲ့တယ်၊ စစ်ကောင်စီရဲ့ ထိခိုက်၊ ကျဆုံးမှုကိုတော့ အသေးစိတ်မသိရဘူးဗျ” ဟု ကိုးကန့်အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဝိန်းဆိုင်ရွာအနီးရှိ စမာရွာနှင့် ဟူဘက်ရွာတို့မှ ရွာခံများအားလုံးနီးပါး နီးစပ်ရာရွာများသို့ တိမ်းရှောင်နေကြရသည်ဟု ဒေသတွင်းသတင်းဌာနအချို့က ရေးသားထားသည်။

လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သားများ ဒဏ်ရာရမှုရှိမရှိ မသိရသေးသော်လည်း စမာရွာမှ နေအိမ်တစ်လုံး  ပျက်စီးသွားသည်ဟု ကိုးကန့်အဖွဲ့ဘက်က ဆိုသည်။

မုံးပေါ်၊ ဝိန်းဆိုင်ရွာအနီးရှိ ကိုးကန့်တပ်စခန်းကို ယနေ့ (ဒီဇင်ဘာ ၂၃) ရက်အထိ စစ်ကောင်စီက ထပ်မံ ထိုးစစ်ဆင်ခြင်းမရှိသေးသော်လည်း ထိုဒေသတွင်း၌ စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု အထက်ပါ ကိုးကန့်အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်ကလည်း ချင်းရွှေဟော်မြို့နယ်၊ နမ်ဖာတောင်ပေါ်ရှိ ကိုးကန့်စခန်းကုန်းတစ်ခုကို စစ်ကောင်စီတပ်က သွားရောက်တိုက်ခိုက်ခဲ့သေးသည်။ သို့သော် ထိုတိုက်ပွဲတွင်လည်း ခုခံနိုင်ခဲ့သည်ဟု ကိုးကန့်အဖွဲ့ဘက်က ပြောသည်။

စစ်တပ်က တိုက်ပွဲနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ – MNDAA

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့တွင် ခုခံခံမှုများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီမှာ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ဖြစ်သည့် ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းအဖွဲ့ (TNLA) နှင့် ရက္ခိုင့်တပ်တော်(AA) တို့နှင့်လည်း တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် လအတွင်း AA နှင့် စစ်ကောင်စီတပ်တို့ ယာယီအပစ်အခတ်ရပ်စဲပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများငြိမ်သက်နေသည်။ သို့သော် ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် TNLA နှင့် MNDAA တို့၏ နယ်မြေများအတွင်းတွင် စစ်ကောင်စီက ထိုးစစ်ဆင်နေသော်လည်း ပြောပလောက်သည့် အောင်မြင်မှုမျိုး မတွေ့ရသေးပေ။

MNDAA သည် ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကမ်းလှမ်းမှုကို ငြင်းဆန်ပြီးနောက်တွင် ကိုးကန့်ဒေသအတွင်း စစ်တပ်၏ ထိုးစစ်များကို မကြာခဏကြုံနေရသည့် အဖွဲ့ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button