သတင်း

ပလက်ဝဒေသခံ ညီအစ်ကိုနှစ်ဦး AA နှင့် ပတ်သက်ပြီး ထောင်သုံးနှစ်ချခံရ

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှ ညီအစ်ကိုနှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည် ဟူသော စွဲချက်ဖြင့် စစ်ကောင်စီ၏ ပလက်ဝမြို့နယ်တရားရုံးက ထောင် ၃ နှစ်စီ ချပြီးနောက် ယမန်နေ့ (ဒီဇင်ဘာ ၁၅) တွင် စစ်တွေထောင်သို့ ပို့ဆောင်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူများမှာ ကိုဦးစောလှနှင့် ကိုမောင်ဆန်းဖြိုးတို့ ညီအစ်ကိုဖြစ်သည်။

ဒီဇင်ဘာ ၁၂ တွင် ပန်းရန်လုပ်ကိုင်သူ အသက် ၃၀ အရွယ် ကိုဦးစောလှသည် နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-ကဖြင့် ထောင်ချခံရသည်။ 

ဒီဇင်ဘာလ ၁၄ တွင် ကျပန်းလုပ်ကိုင်စားသောက်သူ ၂၅ နှစ်အရွယ် ကိုမောင်ဆန်းဖြိုးသည် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ချခံရသည်။ 

ရှေ့နေငှားခ မတတ်နိုင်သဖြင့် ကိုယ်တိုင်ခုခံချေပခဲ့ရကြောင်း၊ စီရင်ချက်ချချိန်တွင်လည်း မိသားစုဝင်များ တရားခွင်အနီးသို့ပင် ကပ်ခွင့်မရခဲ့ကြောင်း ကိုမောင်ဆန်းဖြိုး၏ ဇနီးက Myanmar Now ကို ပြောသည်။

“ဘာမှ နားထောင်ခွင့်မရှိဘူး။ ကြားလည်း မကြားရပါ။ အနားကိုတောင် မကပ်ခိုင်းဘူး။ သူတို့ ပြန်ထွက်လာမှ ‘ဘယ်နှစ်နှစ်ကျလဲ’ မေးမှ သုံးနှစ်လို့ သိရတာပါ” ဟု သူက ဆိုသည်။

၎င်းတို့တွင် အသက် ၁ နှစ်ခွဲအရွယ် ကလေးရှိကြောင်း၊ လင်ယောက်ျားဖြစ်သူ ဖမ်းဆီးခံရချိန်မှစ၍ စားဝတ်နေရေး အလွန်ခက်ခဲသွားကြောင်း သူက ဆက်ပြောသည်။

ကိုဦးစောလှ၏ ဇနီးသည်ကလည်း ၎င်းတို့တွင် ၇ နှစ်အောက် ကလေးနှစ်ဦးရှိသည်၊ ကလေးတစ်ဖက်ဖြင့် ရုန်းကန်နေရသော်လည်း စားရေးသောက်ရေး ခက်ခဲနေသည်ဟု ပြောသည်။

“ကုန်စျေးနှုန်းတွေလည်း တက်နေတော့ ဒုက္ခရောက်နေတယ်။ အခုတော့ ကျောက်ထမ်းတယ်၊ သဲထမ်းတယ်၊ အဲဒီလိုလုပ်စားနေရတယ်။ သူ့ကို အမြန်ဆုံး ပြန်လွတ်စေချင်တယ်” ဟု သူက ဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့၏ နေအိမ်များ၌ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ယမန်နေ့တွင် စစ်ကောင်စီက အဆိုပါ ညီအစ်ကိုနှစ်ဦးအပါအဝင် ပလက်ဝဒေသခံ ၁၅ ဦးခန့်ကို စစ်တွေထောင်သို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

စစ်တွေထောင် ပို့ခံရသော ကျန် ပလက်ဝဒေသခံများ၏ အမှုအခြေအနေ အသေးစိတ်မသိရပေ။ 

ရခိုင်ပြည်နယ်နှင့် နယ်မြေစပ်ဆက်နေသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်သည် AA  နှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပါက စစ်ဒဏ်ခံရသော နယ်မြေတစ်ခုဖြစ်ပြီး ချင်းလူမျိုးများ၊ ရခိုင်လူမျိုးများ ရောနှောနေထိုင်သော ဒေသဖြစ်သည်။

စစ်ကောင်စီတပ်နှင့် AA တို့သည် ၂၀၁၈  နှစ်ကုန်ပိုင်းမှစတင်ကာ ၂၀၂၀ နှစ်ကုန်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်အပစ်ရပ်စဲခဲ့ကြသည်။

သို့သော် ယခုနှစ် သြဂုတ်လမှစတင်၍ ဒေသတွင်း ရခိုင်ပြည်နယ်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့၌ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားလာပြီး နိုဝင်ဘာ ၂၆ တွင် လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းစဉ်ဖြင့် ယာယီအပစ်အခတ်ရပ်ရန် သဘောတူလိုက်ကြသည်။ 

အပစ်ရပ်စဲလိုက်သော်လည်း ထောင်နှင့်ချီသော စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးသကဲ့သို့ စစ်ကောင်စီကလည်း တိုက်ပွဲများပြင်းထန်စဉ် ဖမ်းဆီးခံရသူများကို ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ထောင်ဒဏ်များ ချမှတ်နေခြင်းဖြစ်သည်။

အောက်တိုဘာနှင့် နိုဝင်ဘာအတွင်း AA ဆက်စပ်သံသယဖြင့် ရခိုင်ပြည်သူ ၃၂၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ ၈၅ ဦးကိုသာ ပြန်လွှတ်ပေးခဲ့သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

ဖမ်းဆီးခံခဲ့ရသူများတွင် ပညာရေးဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများအပြင် လူမှုရေးတက်ကြွလှုပ်ရှားသူများနှင့် ဒေသခံ လက်လုပ်လက်စား ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်သည်၊ ပြန်လည်လွတ်မြောက်ရေးအတွက် ULA/AA က ကြိုးပမ်းဆောင်ရွက်နေသည်ဟု ဦးခိုင်သုခက ပြောထားသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ရာ မြို့နယ်များတွင် သွားလာခွင့် ကန့်သတ်ထားသည့် ရေလမ်း၊ ကုန်းလမ်းများထဲမှ အများအပြားကို အပစ်ရပ်သဘောတူပြီးနောက် ပြန်ဖွင့်ပေးခဲ့သည်။ သို့သော်လည်း ထိုလမ်းများတွင် ဆေးဝါးသယ်ယူပို့ဆောင်ခွင့် မရကြသေးသလို နိုင်ငံတကာကူညီရေးအဖွဲ့များ နေရပ်စွန့်ခွာထွက်ပြေးနေရသူများထံ သွားရောက်မည့် အစီအစဉ်များလည်း ဟန့်တားခံနေရဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button