အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုက်ပွဲဖြစ်မည်ဆိုသောကြောင့် လောက်ကိုင်မြို့ကို စွန့်ခွာနေကြ

တရုတ် – မြန်မာနယ်စပ်အနီးရှိ လောက်ကိုင်မြို့ကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) က တိုက်ခိုက်မည်ဆိုသော သတင်းကြောင့် ယမန်နေ့ (ဒီဇင်ဘာ ၆) မှစ၍ ယနေ့အထိ မြို့ကို စွန့်ခွာသူများရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

လွန်ခဲ့သော တစ်ပတ်ခန့်မှစတင်ကာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ ဝင်ရောက်တိုက်ခိုက်မည်ဆိုသော သတင်းများ TikTok နှင့် Wechat များတွင် ပျံ့နှံ့လာပြီးနောက် လူထောင်နှင့်ချီ စိုးရိမ်တကြီး ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အရှေ့မြောက်ဘက်မိုင် ၁၀၀ ကျော်ဝေးသည့် လောက်ကိုင်မြို့ကို စွန့်ခွာနေသူအများစုမှာ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြပြီး ဆက်လက်ထွက်ခွာနေသူများ ရှိသည်ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ကလည်း တစ်နေကုန်နီးပါးပဲ။ ဒီနေ့လည်း ကားကတော့ တန်းနေကုန်ပဲ ထွက်ဖို့ရာ။ လောက်ကိုင်မြို့ အဝင်နားလေးမှာ စစ်ဆေးရေးဂိတ်ရှိတယ်လေ၊ အဲဒီဂိတ်မှာ ကားတန်းနေကြတုန်းပဲ” ဟု ၎င်းက ဆိုသည်။

ကိုးကန့်အဖွဲ့က ဝင်တိုက်မည်ဆိုသော သတင်းနှင့်အတူ မြို့ကို စွန့်ခွာသူများလာရာ လောက်ကိုင်မြို့၌ စစ်တပ်က ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်ဟုလည်း သိရသည်။​

 

မြို့ကိုစွန့်ခွာသွားသူများမှာ မြန်မာပြည်အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ရွှေ့ပြောင်းအလုပ်သမားအများစုဖြစ်ပြီး လောက်ကိုင်မြို့တွင် ပန်းရန်၊ သံပန်းလုပ်ငန်း၊ ကုန်တင်ကုန်ချလုပ်ငန်းနှင့် ဈေးရောင်းချသူများဖြစ်သည်ဟု မြို့ခံက ဆိုသည်။

ထွက်ပြေးတိမ်းရှောင်သူ များနေခြင်းကြောင့် လားရှိုး – လောက်ကိုင်ကားခမှာ ပုံမှန်အားဖြင့် ဆီဈေးအတက်အကျပေါ် မူတည်၍ ကျပ်သုံးလေးသောင်းဝန်းကျင်မှ ယမန်နေ့တွင် ကျပ်တစ်သိန်းခန့်အထိ တက်သွားသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

ယမန်နေ့တွင် လောက်ကိုင်မှ ထွက်လာသည့် ကားအစီးရေ များလွန်းသဖြင့် လမ်းတွင် တစ်နာရီကျော်ကြာ ပိတ်ဆို့မှုဖြစ်သည်ဟုလည်း လားရှိုး – လောက်ကိုင်ကို ပြေးဆွဲပေးနေသည့် ထိုယာဉ်မောင်းက ဆိုသည်။ 

လောက်ကိုင်မှထွက်ခွာသူများ ရှိနေဆဲဖြစ်သော်လည်း ယနေ့တွင် ကားခမှာ ခြောက်သောင်းဝန်းကျင်အထိ ပြန်ကျသွားသည်ဟု သိရသည်။ 

“မနေ့ကသာ များတာပါ၊ ဒီနေ့က အဲဒီလောက် မရှိပါဘူး။ အခု ကျွန်တော် လားရှိုးကနေ တက်လာတာ။ အခုက လောက်ကိုင်က လာတဲ့သူက မရှိဘူးဖြစ်နေတာ” ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။

လောက်ကိုင်မြို့ပေါ်တွင် ပုံမှန်အတိုင်း ဈေးဆိုင်များဖွင့်ကာ လည်ပတ်နေသော်လည်း ပြည်သူ့စစ်အဖွဲ့များက တိုက်ပွဲဖြစ်မည် မဟုတ်ကြောင်း အာမခံသည်ဟု လိုက်လံဆော်ဩနေသည်ဟု သိရသည်။​

ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်က လောင်ကိုင်မြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာ နယ်စပ်ရှိ ချင်းရွှေဟော်မြို့အနီးမှ ၎င်းတို့စခန်းကို စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များက သုံးရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ ကောလာဟလသတင်းများ ထွက်လာခြင်းဖြစ်သည်ဟု MNDAA ၏ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော့်အနေနဲ့ကတော့ ဒါကို ကောလာဟလလို့ပဲ ပြောလို့ရတယ်။ ဘာလို့ပြောရလည်းဆိုရင် အခု လောက်ကိုင်မှာ သူတို့ (စစ်တပ်) ပြောတဲ့ အရေးပေါ်အခြေအနေပေါ့နော်၊ အဲဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ သူတို့ကစပြီး ကျွန်တော်တို့ တပ်စခန်းကို လာတိုက်လို့” ဟု ၎င်းက ဆိုသည်။ 

ထိုစခန်းမှာ ၂၀၁၅ ခုနှစ်ကတည်းက တပ်စွဲထားခြင်းဖြစ်ကာ လောက်ကိုင်မြို့နှင့် အလွန်နီးကပ်သည့် နေရာရှိနေခြင်းကြောင့် စစ်ရေးတင်းမာလာခြင်းဖြစ်သည်ဟုလည်း ဆိုသည်။​

သို့သော် လောက်ကိုင်မြို့ကို တိုက်မတိုက်ဆိုသည်မှာ ခေါင်းဆောင်ပိုင်း၏ အဆုံးအဖြတ်သာဖြစ်သည်ဟုလည်း MNDAA အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်ကောင်စီ၏ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကြီးအကဲဖြစ်သူ ပယ်ဆောက်ချိန်က ထွက်ပြေးတိမ်းရှောင်စရာ မလိုကြောင်း၊ ကောလာဟလသာဖြစ်ပြီး ပြဿနာဖြစ်လာပါက ကာကွယ်ပေးနိုင်ကြောင်း ပြောဆိုတိုက်တွန်းထားသည့် ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်တွင် တွေ့ရှိရသည်။​

၂၀၀၉ ခုနှစ်က မူးယစ်ဆေးအကြောင်းပြချက်ဖြင့် စစ်တပ်၏ ပြည်သာယာစစ်ဆင်ရေးကြောင့် MNDAA အဖွဲ့က လောက်ကိုင်မြို့ကို လက်လွှတ်ခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင် ကိုးကန့်ခေါင်းဆောင် ဖုန်းကြားရှင်က အင်အားအလုံးအရင်းဖြင့် လောက်ကိုင်မြို့အပါအဝင် ကိုးကန့်ဒေသကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း နယ်မြေအချို့မှလွဲ၍ အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီးနောက် တရုတ် – မြန်မာနယ်စပ်ရှိ ကိုးကန့်ဒေသတွင် MNDAA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သည်။

နယ်စပ်တစ်လျှောက်ရှိ လက်နက်ကိုင်အဖွဲ့များအချင်းချင်း ဆက်စပ်ပတ်သက်မှုများ ရှိနေသည့်နည်းတူ အောက်တိုဘာလအတွင်း ဖားကန့်ဒေသတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA အရာရှိများ အပါအဝင် လူပေါင်းရာချီ သေဆုံးခဲ့ပြီးနောက် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတစ်လျှောက်တွင် အခြေအနေ ရှုပ်ထွေးလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button