သတင်း

ဖားကန့်တွင် တိုက်ပွဲဖြစ်၊ စစ်တပ်ဖမ်းထားသည့် ဒေသခံ ၃၀ ကျော်ထဲမှ ၃ ဦးပြန်လွတ်

ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်ရှိ မှော်ပုံကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ယမန်နေ့ (ဒီဇင်ဘာ ၅) တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားစဉ် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူအများအပြား အသုံးပြုတိုက်ခိုက်ခဲ့သည်။

ညနေ ၄ နာရီခန့်တွင် အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်က ကံစီးကျေးရွာဘက်မှ စစ်ကြောင်းထိုးလာစဉ် KIA က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲ စတင်ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ 

ဆန်ခါအကျဉ်းထောင်နှင့် ဖားကန့်ဗျူဟာကုန်းတို့မှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည်၊ ၎င်းတို့ အထိနာသောကြောင့် တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟု အသက် ၄၀ ကျော်အရွယ် ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ညအထိကို ဖြစ်နေတာ၊ ဒီနေ့မနက်လည်း အသံထပ်ကြားရသေးတယ်။ သူတို့ဘက်က အထိနာလို့ နေမှာပေါ့။ လက်နက်ကြီးတောက်လျှောက်ပစ်တာလေ၊ သူတို့ မနာရင် ပစ်မှမပစ်တာ” ဟု ဆိုသည်။ 

နှစ်ဖက်ထိခိုက်ကျဆုံးမှုများနှင့် ပတ်သက်ပြီး မသိရသေးပေ။

တိုက်ပွဲကြောင့် မှော်ဘုံရွာမှ ဒေသခံတို့မှာ ပိုမိုလုံခြုံနိုင်မည့် နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်ခဲ့ကြရသည်၊ မှော်ဘုံဘုန်းကြီးကျောင်းအတွင်း အရပ်သားတချို့ ပိတ်မိနေကြသည်ဟု ဒေသခံများက ပြောသည်။

ယနေ့နံနက်တွင် ဆန်ခါအကျဉ်းထောင်မှ မှော်ပုံကျေးရွာအနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်၊ ဖားကန့်မြို့မှ လုံးခင်းကျေးရွာဘက်သွားသည့် တံတားအနီးတွင်လည်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီးနောက် ပစ်ခတ်သံအချို့ ကြားခဲ့ရသည်ဟု ဒေသခံတချို့က ပြောသည်။

အရပ်သားများကို ဖမ်းဆီးမှု

KIA အထိနာခဲ့သော အနန့်ပါ ဗုံးကြဲတိုက်ခိုက်မှုအပြီး ဖားကန့်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က ဖားကန့်မှ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုက ဖားကန့်-နန့်ယား လမ်းတစ်လျှောက် ဒေသခံအများအပြားကို ဖမ်းဆီးခဲ့သည်။

၎င်းတို့အထဲမှ ဒေသခံအမျိုးသား ၂၀ ခန့်ကို နန့်ယားရွာအနီးရှိ စစ်တပ်စခန်းကုန်းတွင် ချုပ်နှောင်ထားသည်ဟု သိရပြီး ဒီဇင်ဘာ ၁ တွင် နန့်ယားရွာမှ ဒေသခံ ၁၃ ဦးကို ကာမိုင်းမြို့သို့ ခေါ်ဆောင်သွားခဲ့သည်။

ဒီဇင်ဘာ ၅ ရက်နေ့တွင် နန့်ယားရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က ကာမိုင်းဗျူဟာသို့ သွားရောက်ခဲ့ရာ စစ်အရာရှိများ၏ ပြောဆိုချက်ကိုသာ နားထောင်ခဲ့ရပြီး ဖမ်းဆီးခံ ဒေသခံများနှင့် တွေ့ဆုံခွင့်မရဟု နန့်ယားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

သို့သော် ထိုနေ့ညတွင် နန့်ယားရွာသား ကျောင်းဆရာတစ်ဦး၊ ကျောင်းသားတစ်ဦးနှင့် အဆုတ်ရောဂါသည်တစ်ဦးတို့ ပြန်လွတ်ခဲ့သည်ဟု သူက ဆိုသည်။

“ကျန်တဲ့သူတွေက‌တော့ လွှတ်လည်းမလွှတ်ပေးသေးဘူး၊ တွေ့လည်းမတွေ့ရဘူး၊ သူတို့(စစ်ကောင်စီ) မှာတာပဲ နားထောင်ခဲ့ရတယ်၊ တစ်ရက်နှစ်ရက်နေရင် လွှတ်ပေးမယ်လို့တော့ ပြောတာပဲ” ဟု သူက ပြောသည်။

နန့်ယားရွာမှာ ဖားကန့်မြို့၏ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာတွင် ရှိပြီး စစ်ကောင်စီစခန်းတစ်ခု အခြေစိုက်ထားကာ ဖားကန့်သို့ သွားမည့် ကားမှန်သမျှကို စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးနေသည်ဟု သိရသည်။

ရွေးကောက်ခံ အစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲများ ပြင်းထန်လာသည့် တိုင်းရင်းသားဒေသများတွင် ကချင်ပြည်နယ်လည်း အပါအဝင်ဖြစ်သည်။

စစ်တပ်နှင့် KIA နှစ်ဖက်လုံးအတွက် အကျိုးအမြတ်များသည့် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်တွင် ယခင်က တိုက်ပွဲပြင်းထန်ခဲ့ခြင်းမရှိသော်လည်း အာဏာသိမ်းပြီးနောက် တိုက်ပွဲများ တစ်စထက်တစ်စ ပိုမိုပြင်းထန်လာခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button