
မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်တပ်က ကိုယ့်စခန်းကိုယ်မီးရှို့ဖျက်ဆီးကာ စခန်းအခြေစိုက်ကျေးရွာရှိ နေအိမ်များကိုလည်း မီးရှို့နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မြို့အနောက်ဘက် ၁၆ မိုင်အကွာရှိ ဗဟင်းရွာအလယ်တွင် စစ်ကောင်စီတပ်သား ၅၀ ထက်မနည်း တပ်စွဲထားသည့် ရဲစခန်းကို ယနေ့ (နိုဝင်ဘာ ၂၁) နံနက် ၈ ဝန်းကျင်မှစ၍ မီးတင်ရှို့နေခြင်းဖြစ်သည်ဟု ဆိုသည်။
မွန်းလွဲ ၃ နာရီဝန်းကျင်အထိ စခန်းအတွင်းရှိ အဆောင် ၇ ခုခန့် မီးကျွမ်းသွားပြီဖြစ်ကာ ရဲစခန်းမှူးနေသည့် အဆောင်သာ ကျန်တော့ကြောင်း၊ စခန်းအနောက်ဘက် ကပ်လျက် နေထိုင်သည့် ဒေသခံတို့၏ နေအိမ် ၅ လုံးမှာလည်း မီးလောင်နေသည်ကို တွေ့ရကြောင်း မြိုင် PDF တပ်ဖွဲ့ဝင်က ပြောသည်။
“စခန်းထဲကတော့ အကုန်ဖျက်နေတာ။ မကျန်သလောက် ရှို့နေတာ။ ရှိတဲ့အဆောင် ကျွမ်းတောင်ကျွမ်းပြီ။ စခန်းထဲမှာ ကုန်ပြီ။ စခန်းမှူးနေတဲ့ တစ်နေရာပဲ ရှိတော့တာ။ အနောက်ဘက်က အိမ်တွေကိုပါ ရှို့နေတာ။ အခုထိ ရှို့တုန်း”ဟု ၎င်းက မွန်းလွဲ ၃ နာရီခန့်က ပြောသည်။

စစ်ကောင်စီတပ်သည် ဗဟင်းရွာရှိ ပြည်သူနေအိမ်များကို မီးတင်ရှို့နေစဉ် မြောက်ဘက်ကပ်လျက်ရှိ ထနောင်းကုန်းရွာသား ၂၀ ခန့်ကိုလည်း နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု မြိုင်PDF အဖွဲ့ဝင်က ပြောသည်။
စခန်းကိုစွန့်ခွာရန် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ရွာသားများကို ဖမ်းထားခြင်းမှာ ပစ္စည်းများသယ်ယူခိုင်းလိုခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
“ထနောက်ကုန်းရွာထဲကို ဝင်ဆွဲတယ်။ မရှောင်တဲ့သူတွေတော့ ပါသွားတယ်။ ခါတိုင်းလည်း (စစ်ကောင်စီတပ်)ရွာထဲ မဝင်တော့ သူတို့က မရှောင်ကြဘူး။ မနက်က အိမ်တွေထဲ ပတ်ဆွဲတာ။ စခန်းလည်း သိမ်းတာဆိုတော့ လိုက်နိုင်မယ့်သူ အကုန်ခေါ်တာ” ဟု ၎င်းက ပြောသည်။
အဖမ်းခံထားရသည့် အရပ်သားအရေအတွက် အတိအကျကို မသိရသေးပေ။
လက်ရှိတွင် ဗဟင်းရွာတွင်း မီးလောင်နေဆဲဖြစ်ကာ စစ်ကောင်စီတပ်သားများမှာလည်း စခန်းအတွင်း ရှိနေဆဲဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းကလည်း စစ်ကောင်စီတပ်သည် မြိုင်နှင့် နယ်မြေချင်းဆက်နေသည့် ပေါက်မြို့နယ် သရက်ကန်ရွာရှိ ၎င်းတို့စခန်းကို မီးရှို့၍ စွန့်ခွာသွားဖူးသည်။ သရက်ကန်ရွာအတွင်းရှိ ပြည်သူနေအိမ် ၈ လုံးထက်မနည်းကိုလည်း မီးရှို့ခဲ့ကြသေးသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ခုခံမှုများကြောင့် မြေပြင်တွင် အထိနာနေသော စစ်ကောင်စီသည် ပြည်သူ့နေအိမ်များကို မီးရှို့သည့်ဗျူဟာ သုံးလာနေသည်။
အနီးစပ်ဆုံးအဖြစ် နိုဝင်ဘာ ၂၀ ရက်က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ကျေးရွာ ၂ ရွာကို မီးရှို့ခဲ့ပြီး အိမ်ခြေ ၂၀၀ ခန့်ပျက်စီးကာ ဒေသခံ ၂၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်ကိုင်းမြို့နယ်အတွင်းရှိ တောင်ရင်း(မြောက်)ရွာ၊ တောင်ရင်း(တောင်)ရွာနှင့် ရွာသစ်ကျေးရွာတို့လည်း ပြီးခဲ့သည့်ရက်ပိုင်းက မီးရှို့ခံခဲ့ရကာ လူနေအိမ် ၈၈၃လုံး မီးလောင်ပျက်စီးပြီး ဒေသခံ ၄၂၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။
ထိုအဖွဲ့၏ နိုဝင်ဘာ ၈ ရက် ထုတ်ပြန်ချက်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဘာသာရေးအဆောက်အအုံများ အပါအဝင် ပြည်သူ့အိုးအိမ်ပေါင်း ၃၈,၅၆၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟုဆိုသည်။
ပြည်သူ့အိုးအိမ်ပေါင်း သောင်းနှင့်ချီ မီးရှို့ခံရကာ သိန်းနှင့်ချီသော ဒုက္ခသည်များနှင့် ပတ်သက်၍ စစ်ကောင်စီက နုတ်ဆိတ်နေလေ့ရှိသည်။
အာဏာသိမ်းတပ်က သတင်းစာရှင်းလင်းပွဲများစွာ လုပ်တတ်သော်လည်း အဆိုပါ မီးရှို့ဖျက်ဆီးမှုများနှင့် ပတ်သက်ပြီး မေးမြန်းခြင်း၊ ဖြေကြားခြင်း မရှိကြပေ။
နိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်းသည်လည်း စစ်ခေါင်းဆောင်ကို တောင်းဆိုရန်သာတတ်နိုင်ပြီး စစ်ခေါင်းဆောင်ကမူ အဆိုပါ တောင်းဆိုချက်ကို လျစ်လျူရှုထားသည်။ စစ်ခေါင်းဆောင်ခန့်အပ်ထားသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးသည်လည်း သိန်းနှင့်ချီသော အဆိုပါဒုက္ခသည်များရှိရာဒေသသို့ ခြေဦးမလှည့်ပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)