သတင်း

ကျောက်ဖြူတွင် ULA/AA သံသယဖြင့် ရဲသုံးဦး အပါအဝင် ဝန်ထမ်းများ အဖမ်းခံရ

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ၎င်း၏နိုင်ငံရေးအဖွဲ့အစည်းဖြစ် သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ထောက်ခံသည်ဟူသော သံသယဖြင့် ဒေသခံအချို့ အပါအဝင် ရဲသုံးဦး၊  ရှေ့နေတစ်ဦးနှင့် လဝကအရာရှိတစ်ဦးကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့သည်။

ယခုလ ၁၁ နှင့် ၁၂ တို့တွင် ဒေသခံ အမျိုးသား သုံးဦး အဖမ်းခံရပြီးနောက် နောက်တစ်ရက်တွင် ကျောက်ဖြူမြို့ပေါ်ရှိ ရဲတပ်ကြပ်နှစ်ဦး၊ ရေကြောင်း ရဲဝန်ထမ်းတစ်ဦး၊ ရှေ့နေတစ်ဦးနှင့် ဒုဦးစီးအရာရှိ အဆင့်ရှိ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ 

အသက် ၅၀ အရွယ် ရဲတပ်ကြပ်မောင်မောင်အေးကို ကျောက်ဖြူလေယာဉ်ကွင်း၌ရှိနေနေစဉ် အမှတ် ၃၄ ခြေလျင်တပ်ရင်းက လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ၃၆ နှစ်အရွယ် ရဲတပ်ကြပ်မျိုးဝင်းအောင်ကိုမူ ဖုန်းဆက်ခေါ်ကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုတစ်ရက်တည်းမှာပင် ကျောက်ဖြူမြို့ရှိ အစိုးရဝန်ထမ်းများ နေထိုင်ရာအိမ်ရာတွင် ၄၅ နှစ်အရွယ် တရားလွှတ်တော်ရှေ့နေ ဦးဦးဆန်းဝင်း ၊ ၄၄ နှစ်အရွယ် လဝကဒုဦးစီးအရာရှိ ဒေါ်မကြည်နှင့် ရေကြောင်းရဲတပ်ဖွဲ့မှ အသက် ၃၀ အရွယ် ဦးထက်ဝေလင်းတို့ ထပ်အဖမ်းခံရသည်။ 

“အစိုးရရပ်ကွက် ဝန်ထမ်းအိမ်ရာကို လာပြီး ဖမ်းသွားတာပါ။ နေ့လယ်ပိုင်းက တစ်ယောက်ကို ဝင်ဖမ်း တယ်။ ညနေပိုင်းထပ်ရောက်လာပြီး နောက်ထပ် ၂ ဦးကို ထပ်ဖမ်းခဲ့တာဖြစ်တယ်။ ကျောက်ဖြူမှာ ULA /AA ကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝန်ထမ်းတွေကိုပါ ဖမ်းလာတာဖြစ်ပါတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

“အရင်ဖမ်းသူတွေကိုလည်း မလွှတ်သေးဘူး။ အခု ထပ်ဖမ်းနေတယ်။ အခုဆို မြို့ခံတွေအပြင် ဝန်ထမ်းတွေလည်း စိုးရိမ်နေကြရပြီ” ဟုလည်း ထိုမြို့ခံက ဆိုသည်။

ရဲများနှင့် အစိုးရဝန်ထမ်းများကို မဖမ်းမီတစ်ရက်က ကျောက်ဖြူမြို့နယ်၊ ကုလာဘာကျေးရွာမှ အသက် ၃၄ နှစ်အရွယ် ဦးဇော်မျိုးထွန်းနှင့် ဦးအောင်မျိုးဝင်းဆိုသူတို့ကိုလည်း ခလရ ၃၄ ကပင် အိမ်စီးကားများ ဖြင့် ရောက်လာကာ သေနတ်ပစ်ဖောက်ပြီး ဖမ်းသွားခြင်းဖြစ်သည်ဟု ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျေးရွာအတွင်းရှိ နေအိမ်တချို့ကိုလည်း ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့ပြီး ဆိုင်ကယ်နှင့် အိုးခွက်ပန်းကန် များကိုပင် ယူဆောင်သွားသည်ဟု သိရသည်။

“ဖမ်းတဲ့အချိန်မှာ သေနတ်ဖောက်တယ်။ တစ်ခြားနေအိမ်တွေကိုပါ ဝင်ပြီးရှာတယ်။ အောင်မျိုးဝင်း ဆိုင်ကယ်ပြင်ဆိုင်ကဆိုရင် ဆိုင်ကယ် ၄ စီးကို ယူသွားတယ်။ တစ်ခြား နေအိမ်တွေကလည်း ရေခဲသတ္တာတွေ၊ အိုးခွက်ပန်းကန်ကအစ ယူသွားတယ်” ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။​

ယခု ၁၁ ရက်က ကျောက်ဖြူမြို့ပေါ်တွင် ဖမ်းဆီးခံရသူမှာ စေတီတောင်ရပ်ကွက်၊ မြို့ပတ်လမ်းမှ အသက် ၄၂ နှစ်အရွယ် ဦးကျော်လှအောင်ဖြစ်ပြီး ၎င်းကိုလည်း ခလရ ၃၄ တပ်ရင်းမှ အရပ်ဝတ် စစ်သားငါးဦးက ရိုက်နှက်ဖမ်းဆီးသွားသည်ဟု သိရသည်။ 

ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် AA တို့အကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်နေသည့် အပြင် နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုများလည်း ပေါ်ပေါက်နေသည်။

ယခုအခါ ဒေသခံများအပြင် အစိုးရဝန်ထမ်းများပါ ဆက်တိုက် ဖမ်းဆီးခံနေရ၍ အလွန်အမင်း စိုးရိမ်နေရ သည်ဟု ကျောက်ဖြူမြို့ခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း ကျောက်ဖြူမြို့တွင် မြေစာရင်းဦးစီးမှူး အပါအဝင် ရုံးဝန်ထမ်း ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

အဖမ်းခံရသူများမှာ အသက် ၅၂ နှစ်အရွယ် မြေစာရင်းဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် မြေတိုင်းစာရေး ဦးခင်မောင်၊ ရုံးဝန်ထမ်း ဦးညီညီတင်နှင့်  ဦးထွန်းထွန်းနိုင်တို့ဖြစ်သည်။

ထို့နောက် ဦးညီညီတင်နှင့် ဦးထွန်းထွန်းနိုင်တို့ကို ပြန်လွှတ်ပေးလိုက်ခဲ့သော်လည်း မြေစာရင်းဦးစီးမှူး ဦးထွန်းဝင်းနှင့် မြေတိုင်းစာရေး ဦးခင်မောင် တို့ကို ဆက်ဖမ်းထားဆဲဖြစ်သည်။

ရခိုင်တောင်ပိုင်းတွင် စစ်ရေယာဉ်တစ်စီး တိုက်ခိုက်ခံရသည့် စက်တင်ဘာလဆန်းမှ စ၍ စစ်ကောင်စီသည် တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲမြို့နယ်များမှ ဒေသခံများကို ဆက်တိုက်ဖမ်းဆီးခဲ့သည်။

ကျောက်ဖြူမြို့ခံ ၄၀ ထက်မနည်းကို  ULA/AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး တချို့ကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခဲ့သည်။ ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဌာန ဦးစီးမှူးဦးကျော်ဆင့် အပါအဝင် ဒေသခံ ၄ ဦး  ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံရသည်။

ဩဂုတ်လအတွင်း ကျောက်ဖြူမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းရမည်ဟု စစ်ကောင်စီဘက်က ညွှန်ကြားခဲ့သည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ တောင်ကုတ်နှင့် သံတွဲမြို့နယ်များတွင်လည်း စက်တင်ဘာမှ ယခုလအထိ ဒေသခံ ၅၀ ကျော်ကို AA  ဆက်စပ််သံသယဖြင့် စစ်ကောင်စီက ဖမ်းဆီးထားသည်။​

လက်ရှိတွင် AA နှင့် စစ်တပ်အကြား တိုက်ပွဲများသည် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမှ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပြည်နယ်တောင်ပိုင်း မင်းပြားနှင့် တောင်ကုတ်မြို့နယ်အထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

 

Show More

Related Articles

Back to top button