အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပျူစောထီး မဖြစ်လိုသူများ လစဉ် ၅ သိန်းပေးရန် စစ်တပ်က တောင်းနေ

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပြည်သူ့စစ်သင်တန်း မတက်လို၍ ထွက်ပြေးသွားကြသည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ၄ ဦးကို တာဝန်ပျက်ကွက်သည်ဟု ဆိုကာ တစ်လလျှင် ကျပ် ၅ သိန်း ပေးရန် မိသားစုဝင်များထံမှ စစ်တပ်က တောင်းယူနေကြောင်း သိရသည်။ 

မြို့အရှေ့ဘက် ၅ မိုင်အကွာ ယာကြီးပြင်ရွာမှ အသက် ၃၀ ဝန်းကျင်အရွယ်များဖြစ်သော ထို ၄ ဦးသည် ပြည်သူ့စစ် ခေါ် အရပ်ဝတ် လက်နက်ကိုင် ပျူစောထီးအဖွဲ့ ဖွဲ့ရန် စစ်သင်တန်းတက်ရမည်ဟု သတင်းကြားသည့် နိုဝင်ဘာလအစောပိုင်းကတည်းက ရွာမှ ထွက်သွားကြခြင်း ဖြစ်သည်။ 

နိုဝင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အိမ်ခြေ ၂၄၀ ရှိသည့် ထိုရွာသို့ ရောက်ရှိလာသည်ဟု ရွာခံတစ်ဦးက ပြောသည်။

“အဲဒီ ၄ ယောက်က ရွာကနေ ပြေးနေတာ။ ပျူမလုပ်ချင်လို့ဆိုပြီး။ အိမ်မှာက မိဘ၊ ဘိုးဘွားတွေတော့ ကျန်ခဲ့တာပေါ့ဗျာ၊ မလုပ်နိုင်မကိုင်တော့တဲ့ ပုဂ္ဂိုလ်တွေ၊ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေက တခြားမှာ နေကြတာ။ အဲဒါကို တာဝန်မထမ်းနိုင်တဲ့အတွက် ၅ သိန်း ပေးရတာ” ဟု အထက်ပါ ရွာသားက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုဝင်ဘာ ၁၂ တွင် စတင်သည့် ပျူစောထီးစစ်သင်တန်းမှာ ယာကြီးပြင်ရွာမြောက်ပိုင်းရှိ ဘုန်းကြီးကျောင်းထဲတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ထိုသင်တန်းတွင် ကျန်နေသည့် ရွာဆယ်အိမ်ခေါင်း ၂၀ ဦး တက်ရောက်နေရသည်။

သင်တန်းကို ပေါက်မြို့နယ်တွင် အခြေစိုက်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၂၄ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးက ဦးဆောင်သင်ကြားပေးနေခြင်းဖြစ်သည်ဟု သိရသည်။

“မနက်ကို ၇ နာရီခွဲကနေ ၁၁ အထိတစ်ခါ၊ ၁ နာရီကနေ ၄ နာရီခွဲအထိ သင်တန်းပေးတယ်။ အဲဒီသင်တန်းကွင်းထဲကို ဘယ်သူမှ အဝင်မခံဘူး။ သင်တန်းမှာ သူတို့ပြတဲ့အတိုင်း မလုပ်နိုင်လို့ဆိုပြီး သင်တန်းတက်နေတဲ့သူတွေကတော့ အထိုးခံရတယ်” ဟု အထက်ပါရွာခံက ပြောသည်။

သင်တန်းအစပြုသည့် နိုဝင်ဘာ ၁၂ တွင် ပေါက်အခြေစိုက် Anonymous Special  Task Force အမည်ရ ကာကွယ်ရေးဖွဲ့က ဗုံးတပ် ဒရုန်းဖြင့်  တိုက်ခိုက်ခဲ့သည်။

ဗုံးနှစ်လုံးကျအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သင်တန်းတက်နေသူများ ကစဉ့်ကလျားဖြင့် ထွက်ပြေးသွားကြသည်ကို မြင်တွေ့ရသော်လည်း ထိခိုက်ပျက်စီးမှုအခြေနေ စုံစမ်း၍ မရသေးကြောင်း  ထိုအဖွဲ့၏ တာဝန်ခံက Myanmar Now  ကို ပြောသည်။

ပခုက္ကူ-မင်းတပ် လမ်းပေါ်ရှိ ယာကြီးပြင်ရွာတွင် စစ်ကောင်စီတပ်ကို ထောက်ခံသူများသာ ဆက်လက် နေထိုင်နေကြပြီး  အိမ်ခြေ ၃၀ နီးပါးမှာ စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု  အထက်ပါ ရွာခံက ဆိုသည်။

တိမ်းရှောင်နေကြရသည့် ရွာသားများအိမ်တွင် ကျန်ခဲ့သည့် ပစ္စည်းများကို စစ်ကောင်စီတပ်သားများနှင့် ကျေးရွာ ပျူစောထီး ခေါင်းဆောင်များဖြစ်သည့် ဦးစိုးမြင့်ကြိုင်နှင့် ဦးမောင်စုတို့ဦးဆောင်လုယူကာ ရောင်းချနေသည်ဟု ၎င်းက ဆိုသည်။

“ရောင်းရတဲ့ ငွေတွေကို စစ်တပ်က ယူတယ်။ ရောင်းမရတဲ့ ပစ္စည်းတွေကျ ပျူဒလန်တွေက သုံးတယ်။ ယာခင်းတွေ၊ ပဲစင်းငုံခင်းတွေပါ သူတို့အဖွဲ့တွေ ဝေယူကြတယ်” ဟု ထိုရွာသားက ပြောသည်။

ထွက်ပြေးနေသည့် ရွာသားများ၏ နွားစာစင်းစက်များကို စစ်ကောင်စီတပ်နှင့် ပျူခေါင်းဆောင်များက ဖြုတ်ယူကာ ကျပ် ၃ သိန်းဝန်းကျင်နှုန်းဖြင့် ရောင်းချနေသည်၊ လူမရှိသည့် အိမ်များကိုဖောက်ထွင်း၍ ကြိုက်သလို ယူဆောင်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။ 

စစ်သားများ၊ ပျူစောထီးများ ခိုးမှု ကျူးလွန်နေသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button