
နိုဝင်ဘာ ၁ တွင် မကွေးတိုင်း ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဒေသခံ ၆ ဦးကို သတ်ဖြတ်လိုက်ရာ ထိုအထဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ပါဝင်သည်ဟု သိရသည်။
အောက်တိုဘာ နောက်ဆုံးပတ်မှစ၍ မြိုင်နယ် တောင်ပိုင်းရှိ ဆိတ်သတ်၊ တောင်ရိုး၊ ဂွေးကုန်းအပါဝင် ကျောက်ခွက် ရေနံမြေတစ်ဝိုက်ကို အင်အား ၁၀၀ ခန့်က စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
နိုဝင်ဘာ ၁ နံနက်ပိုင်းက အဆိုပါစစ်ကြောင်း ပေါက်မြို့နယ် ဆေးပင်ကြီးရွာသို့ ရောက်ရှိနေချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မြိုင်မြို့နယ်တပ်ရင်း၊ မြိုင်-ပေါက် ကျေးရွာကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ပြောက်ကျားနည်းဖြင့် ခုခံတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ကာကွယ်ရေးဖွဲ့ဝင် ၅ ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါကာကွယ်ရေးအဖွဲ့ဝင်များ လိုက်ပါလာသော လက်လုပ်လက်နက်ကြီးတင် မော်တော်ယာဉ်ကို တောလမ်းမှ လာသော စစ်ကောင်စီတပ်သားများက ပစ်ခတ်ခြင်းဖြစ်သည်ဟု မြိုင်PDF တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ်လက်ယာက ပြောသည်။
“လက်လုပ်လက်နက်ကြီးသမားတွေက လက်နက်ကြီးပစ်ကူဖို့ လိုက်လာတဲ့အချိန်မှာ ဒီကောင်တွေ ဖြတ်အတက်နဲ့ တည့်တိုးတိုးသွားတာ” ဟု ၎င်းက ပြောသည်။
ကားပေါ်တွင် မြိုင်-ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင် ၇ ဦး လိုက်ပါလာခြင်းဖြစ်ကြောင်း စစ်ကောင်စီက လက်ဦးမှုရယူ ပစ်ခတ်ရာ ၂ ဦးသာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
“ပစ်ခတ်မှုက လက်နက်ငယ်နဲ့ အပြန်အလှန် ပစ်ခတ်မှုသိပ်မရှိဘူး။ သူတို့ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာပဲ ရှိမယ်။ ကိုယ့်ဘက်ကတော့ လက်နက်ငယ်တွေပဲ သုံးတာ။ ပစ်ခတ်မှုဖြစ်ပြီးခါမှ မသေသေးတဲ့သူတွေကို ရိုက်သတ်သွားတာ” ဟု ဗိုလ်လက်ယာက ပြောသည်။
တပ်ဖွဲ့ဝင် ၅ ဦး မည်သူမည်ဝါဖြစ်သည်ကို ၎င်းတို့မိသားစုဝင်များ၏ လုံခြုံရေးအခြေအနေကြောင့် ထုတ်ဖော်ပြောဆို၍ မရသေးဟုလည်း ဗိုလ်လက်ယာက ဆိုသည်။
ထို့အပြင် နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက ဆေးပင်ကြီးရွာနှင့် ၆ မိုင်ခန့်အကွာရှိ မြိုင်မြို့နယ် လက်ခုတ်ပင်ရွာသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကာ အိမ်ကိုလည်း မီးရှို့ပစ်ခဲ့သည်ဟု သိရသည်။
သတ်ဖြတ်ခံရသူမှာ အသက် ၂၇ နှစ်အရွယ် ကိုဇော်မင်းဦးဆိုသူဖြစ်ပြီး လက်ခုတ်ပင်ရွာအနောက်ဘက် ၁ မိုင်ခန့်ရှိ တဲတိုက်တွင် နေထိုင်သည့် တောင်သူတစ်ဦးဖြစ်ကြောင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ပက်ပင်းတိုးစဉ် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဗိုလ်လက်ယာက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှစ၍ ပေါက်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး စစ်ကြောင်းအတွင်း အရပ်သားများကို ဓားစားခံအဖြစ် ဖမ်းဆီးခေါ်၍ တစ်ရွာဝင်တစ်ရွာထွက် မွှေနှောက်နေခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ခိုက်ခံရမှုမရှိစေရန် အရပ်သား ၃၅ ဦးထက်မနည်းကို ဓားစားခံအဖြစ် ဖမ်းဆီးထားသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)