သတင်း

ရွာမီးရှို့နေသည့်စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးသေဆုံးဟု PDF ပြော

မကွေးတိုင်းအနောက်မြောက်ဘက် အစွန်ဆုံးရှိ ယောဒေသတွင် ရွာမီးရှို့နေသည့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး အပါအဝင် ၅ ဦးသေဆုံးသွားသည်ဟု  ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) က ပြောသည်။

အင်အား ၁၀၀ ခန့်ပါ ထိုစစ်ကြောင်းသည် ဂန့်ဂေါမြို့နယ်အခြေစိုက် တပ်ရင်းတစ်ခုမှ ဖြစ်ကြောင်း၊  ထီးလင်းမြို့အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာ ပါးမျဉ်းရွာရောက်လာစဉ် တိုက်ပွဲဖြစ်ခဲ့သည်ဟု YDF-ထီးလင်း ဗျူဟာမှူးက ပြောသည်။

စစ်ကောင်စီတပ်သားတို့ အဖွဲ့များခွဲကာ ရွာထဲဝင်ရောက်လာစဉ် ၈ ဦးပါသည့် အဖွဲ့ကို ခြုံခိုတိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။“ပွဲချင်းပီးသေတဲ့သူတွေကျတော့ အဲဒီရွာမှာပဲ သင်္ဂြိုဟ်ခဲ့တယ်၊ ဒဏ်ရာရတဲ့သူတွေကို ထီးလင်းမြို့ကို ပြန်သယ်တဲ့အချိန်မှာ ထပ်သေကြတယ်” ဟု သူက ပြောသည်။ 

ခါးကျည်ထိသော တပ်ရင်းမှူးမှာ မြို့ပေါ်ရောက်ပြီး သေဆုံးသူများထဲတွင် ပါဝင်သည်ဟု တပ်တွင်းသတင်းပေးများထံမှ သိရကြောင်း သူက ဆက်ပြောသည်။သို့သော် ညတပ်ရင်းမှူး၏အမည်၊ အသက်နှင့် ကိုယ်ပိုင်အမှတ်တို့ကို မသိရသေးပါ။ 

ထိခိုက်သေဆုံးမှုများအတွက် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးသလို တိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရသူများထံ မေးမြန်းလိုသော်လည်း ဆက်သွယ်၍မရသေးပေ။ 

ပါးမျဉ်းရွာတိုက်ပွဲအပြီး ဒဏ်ရာရသူများကို ထီးလင်းမြို့ပေါ်သို့ ပြန်လည်သယ်ဆောင်လာပြီး မြို့ပေါ်ရှိ ရွှေထီးခန်းမတွင် နေရာယူထားသည်ဟု သိရသည်။ မြို့ပေါ်တွင်သေဆုံးသူများကို  ရွှေထီးခန်းမဘေးတွင်ပင် သင်္ဂြိုဟ်နေသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံများကို ကိုးကားပြီး YDF-ထီးလင်းအဖွဲ့က ပြောသည်။

ယခု တိုက်ခိုက်ခံခဲ့ရသည့် စစ်ကြောင်းမှာ ပါးမျဉ်းကျေးရွာသို့မရောက်မီ ထီးလင်းမြို့မြောက်ဘက်တွင်ရှိသည့် ကျားခဲရွာမှ နေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟု YDF-ထီးလင်းအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်သားများသည် ထီးလင်းမြို့ အရှေ့ဘက် တောတွင်းတွင် ဆက်လက် စစ်ကြောင်းထိုးနေသည်ဟု YDF-ထီးလင်း အဖွဲ့က ပြောသည်။ 

 အောက်တိုဘာ ၂၇ တွင် အဆိုပါ စစ်ကြောင်း  ထီးလင်းမြို့မြောက်ဘက် ၄ မိုင်ခန့်အကွာတွင်ရှိသည့် ထန်းပင်ကုန်းရွာကို မီးရှို့ပြီးပြန်ထွက်စဉ် ယောဒေသကာကွယ်ရေးအဖွဲများက တိုက်ခိုက်ရာ သေဆုံးသူ ဆယ်ဂဏန်းရှိသည်ဟုလည်း YDF-ထီးလင်းက ပြောသည်။

မြို့စောင့်တပ်များထံက အင်းအားထပ်မံဖြည့်တင်းပြီး စစ်ကြောင်း ဆက်လက်ထိုးနေခြင်း ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သည် ယခင်က  ယောဒေသ စစ်ဆင်ရေးများတွင် အင်အား ၂၀၀၀ ခန့် သုံးခဲ့သော်လည်း နောက်ပိုင်းတိုက်ပွဲများတွင် အင်အား ၁၀၀၀ ခန့်သာ ရှိတော့ကြောင်း  YDF အဖွဲ့က ဆိုသည်။

အညာဒေသတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ရွာများကို မီးရှို့ခြင်းကြောင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ပြည်သူတို့၏ အိုးအိမ်ပေါင်း ၃၀,၀၀၀ ကျော် ပျက်စီးခဲ့ရသည်။

စစ်ကောင်စီတပ်သားများ၏ မီးရှို့ခံခဲ့ရသည့် ကျားခဲရွာမှ နေအိမ်များ။ စစ်ကောင်စီတပ်သားများ၏ မီးရှို့ခြင်းကြောင့် စစ်ကိုင်း၊ မကွေး ဒေသများမှာ ပြည်သူတို့၏နေအိမ်ပေါင်း သောင်းနှင့်ချီ ပျက်စီးခဲ့သည်။ (ဓာတ်ပုံ – PDF Htilin)

စစ်ကောင်စီကမူ မီးရှို့မှု ကျူးလွန်ခြင်းမရှိဟု တုံ့ပြန်လေ့ရှိသည်။

Show More

Related Articles

Back to top button