
လက်နက်ကိုင်ခုခံမှုအားကောင်းသည့် မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းတွင် စစ်ကောင်စီက ဒေသခံ ၂၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းခေါ် အကာအကွယ်ယူ၍ စစ်ရေးလှုပ်ရှားနေသည်။
စစ်သား ၃၀ နှင့် စစ်တပ်က လက်နက်ပေးထားသည့် အရပ်သားအဖွဲ့ ပျူစောထီး စုစုပေါင်းအင်အား ၇၀ ခန့်က အောက်တိုဘာလကုန်ပိုင်းအတွင်း ထိုသို့ ပြုမူနေခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်အချို့ထံမှ သိရသည်။
အောက်တိုဘာ ၂၉ ရက်မှစ၍ သုံးရက်အတွင်း ဝက်ပုတ်၊ ဂွေးကုန်း၊ ဆိတ်သတ်၊ တောင်ရိုး၊ ကျွဲတွင်း ကျေးရွာများကို ထိုတပ်ဖွဲ့က ဝင်မွှေခဲ့ပြီး တစ်ရွာလျှင် ဒေသခံ ငါးဦးခန့်ကို ဖမ်းဆီးကာ ကျောက်ခွက် ရေနံမြေရဲစခန်းသို့ သွားရာလမ်းတစ်လျှောက် ခေါ်သွားသည်ဟု ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် မြိုင် PDF တာဝန်ခံက ပြောသည်။
“အရင်ကဆို တောလမ်းက စစ်ကြောင်းထိုးတာ၊ အခုက လမ်းပြပါတဲ့သဘောရှိတယ်။ ရွာ (တွေ) ကိုဝင်ရင် (အရင်) ပစ်ခတ်ပြီး ဝင်လာတယ်။ ပြီးရင် ဓားစာခံဖမ်းသွားတယ်” ဟု ၎င်းက ဆိုသည်။
ထိုစစ်ကြောင်းမှာ ရဲစခန်းသို့ လက်နက်သွားပို့သည်ဟု ယူဆရကြောင်း၊ PDF က အရပ်သားများ ထိခိုက်မည် စိုးရိမ်၍ တိုက်ခိုက်ခြင်းမပြုခဲ့ကြောင်း၊ စစ်ကောင်စီအဖွဲ့က ကျေးရွာများမှ အဖိုးတန်ပစ္စည်းများ ယူဆောင်သွားကြောင်း မြိုင် PDF တာဝန်ခံက ဆက်ပြောသည်။
“ထိတွေ့မှု (တိုက်ပွဲ) တော့ မရှိဘူး။ ခဲယမ်းပို့ပြီး ပြန်တာ။ ဖမ်းသွားတဲ့လူတွေကို ဝက်ပုတ်ရွာ ပြန်ရောက်ရင် ပြန်လွှတ်မယ်လို့ တစ်ယောက်စ၊ နှစ်ယောက်စ လွတ်လာတဲ့ သက်ကြီးရွယ်အိုတွေ ပြန်ပြောတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ ဖမ်းခေါ်သွားသည်ဆိုသူများနှင့် အဆက်အသွယ်မရသေးသလို အထက်ပါ ဖြစ်စဉ်များ၏ အသေးစိတ်တို့ကို သီးခြားအတည်မပြုနိုင်သေးပေ။
ယခုလကုန်ပိုင်းမှစ၍ မြိုင်မြို့နယ်အနောက်ပိုင်းတွင် လှုပ်ရှားနေသည့် စစ်ကြောင်းကြောင့် ကျေးရွာ ပျက်စီးမှု မရှိသေးသော်လည်း အရှေ့ပိုင်းနှင့် ထိစပ်သည့် ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် ကျေးရွာ ၄ ရွာမှ အိမ်ခြေ ၂၂၃ လုံး မီးလောင်သွားသည်ဟု ဒေသခံ PDF အဖွဲ့က ပြောသည်။
လူဦးရေ ၂၀၀၀ မှ ၅၀၀၀ အတွင်း မှီတင်းနေထိုင်သည့် ရေစကြိုမြို့နယ်၊ မြေမလှကျေးရွာမှ နေအိမ် ၅၃ လုံး၊ စိုင်သေကျေးရွာမှ နေအိမ် ၄၂ လုံး၊ သံပြာချောင်းကျေးရွာ မှ နေအိမ် ၇၅ လုံး၊ ခံစပ်တော ကျေးရွာမှ နေအိမ် ၆၃ လုံး ပျက်စီးသည်ဟု ရေစကြို PDF စာရင်းက ဆိုသည်။
“အလောင်းတော့ မတွေ့ပါဘူး။ နွားတွေသေနေတာပဲ ရှိတယ်။ မီးရှို့ခံရတဲ့ရွာတွေက ပြည်သူတွေတော့ အခု နေစရာမရှိဘူး။ အခြားမှာ နေနေရတယ်” ဟု ရေစကြို PDF ခေါင်းဆောင်က ပြောသည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း နိုင်ငံအနှံ့ ခုခံမှုများကို ရင်ဆိုင်နေရသည့် စစ်ကောင်စီက နိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် အရပ်သားများကို ငွေကြေးပေး၊ ဘာသာရေးဖြင့် မှိုင်းတိုက်ကာ ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့များဖွဲ့၍ စစ်ရေးလှုပ်ရှားနေသည်။
တော်လှန်ရေးသမားတို့၏ ပြောက်ကျားခုခံမှုကြောင့် မြေပြင်တပ်များ လှုပ်ရှားရခက်ချိန်တွင် စစ်ကောင်စီက လေတပ်ကို ပိုမိုသုံးစွဲနေပြီး စာသင်ကျောင်းမှ ကလေးငယ်များ သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ဖြစ်စဉ်မှာ မြန်မာနိုင်ငံအလယ်ပိုင်း လေကြောင်းတိုက်ခိုက်ခံရမှုများအနက် အထူးထင်ရှားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)