ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရက်ဆက် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အကျအဆုံးများနေသည့် စစ်ကောင်စီတပ်က စစ်ကူများ အဆက်မပြတ်ပို့ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။
အောက်တိုဘာ ၂၂ မှ စတင်သည့် တိုက်ပွဲများတွင် စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်သလို စစ်လေယာဉ်များကလည်း ၃ ရက်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားသည်။
မိုးမောက်မြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာ လုံဂျာတောင်ပေါ်တွင် တိုက်ပွဲ နေ့စဉ် ဖြစ်ပွားစဉ် စစ်ကောင်စီတပ်က အကျအဆုံးများနေသည်ဟု မိုးမောက်ဒေသခံအချို့ထံမှ သိရသည်။
မြို့အနောက်ဘက် ၄ မိုင်ခန့်အကွာတွင်ရှိသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း (၄၃၇) က တိုက်ပွဲရှိသည့် နေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၉ တိုက်ပွဲတွင် ခလရ (၄၃၇) တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံး မိုးမောက်မြို့တွင်း ကျရောက်ပေါက်ကွဲသည့်အတွက် ဒေသခံနှစ်ဦး ဒဏ်ရာရသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။
“အဲဒီတစ်လုံးက ဆေးရုံဘေးကို ကျတာမှာ အမျိုးသမီးနှစ်ဦးကို ထိသွားတယ်၊ တစ်ယောက်က သိပ်မဖြစ်ပေမဲ့ တစ်ယောက်ကတော့ ဆေးရုံရောက်သွားတယ်” ဟု အထက်ပါ မြို့ခံ အမျိုးသားက ဆိုသည်။
တိုက်ပွဲများကြောင့် လုံဂျာတောင်ခြေရှိ ဝဝမ်၊ ကွန်ပန်၊ လုံဂျာ၊ နောင်ပေါင်း စသည့် ကျေးရွာများမှ ဒေသခံများမှာ အောက်တိုဘာ ၂၅ ရက်မှစတင်၍ နီးစပ်ရာ ကျေးရွာများနှင့် မိုးမောက်မြို့ပေါ်သို့ တိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။
မိုးမောက်မြို့ပေါ်တွင် တိမ်းရှောင်နေသည့် ဒေသခံ ၂၀၀ ခန့်ရှိနေပြီး တိုက်ပွဲများကြောင့် ထပ်မံရောက်လာနိုင်ခြေရှိနေသေးသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
ထို့အပြင် ယမန်နေ့ (အောက်တိုဘာ ၃၀) ကလည်း နံနက် ၈ နာရီခန့်မှ စတင်ကာ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်နေသလို ယနေ့လည်း မွန်းလွဲ ၃ နာရီခန့်မှစတင်ကာ တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။
ယမန်နေ့က နံနက် ၈ နာရီခန့်မှ စတင်သည့် တိုက်ပွဲအတွင်း ဝဝမ်ရွာအတွင်းရှိ လုံဂျာခရစ်ယာန်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝင်းအတွင်း လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု အထက်ပါ စစ်ရှောင်ကူညီသူက ပြောသည်။
“ကျောင်းက မှန်တွေကွဲသွားတဲ့ လက်နက်ကြီးက ဘုရားကျောင်းအနီးက ကျောက်တောင်ကို သွားမှန်ပြီး ကျောက်ခဲစတွေမှန်တာ မှန်တွေ အကုန်ကွဲကုန်တယ်” ဟု ၎င်းက ပြောသည်။
ယနေ့နံနက်တွင် စစ်ကောင်စီတပ်က စစ်ကားနှစ်စီးဖြင့် စစ်ကူများလာရောက်ပို့ဆောင်ခဲ့သလို ပြီးခဲ့သည့် ရက်များကလည်း စစ်သည်အချို့ စစ်ကူရောက်လာသည်ဟု အထက်ပါ မြို့ခံက ပြောသည်။
မိုးမောက်မြို့ပေါ်တွင် ယခင်ကထက် လူသူအသွားအလာ နည်းပါးသွားပြီး ဈေးဆိုင်များကလည်း တိုက်ပွဲအခြေအနေကို ကြည့်နေရပြီး တိုက်ပွဲဖြစ်ပွားသည်နှင့် ဈေးဆိုင်များ ပိတ်ထားလိုက်ရသည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားမှု နောက်ဆုံးရအခြေအနေများကို မေးမြန်းရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်သည်။
ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းပြီးသည့်နောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့် တိုင်းရင်းသားနယ်မြေများတွင် ကချင်ပြည်နယ်လည်း ပါဝင်ခဲ့သည်။
ပြီးခဲ့သည့်နှစ်မှစတင်ကာ ကချင်ပြည်နယ် ဗန်းမော်၊ မြို့လှ၊ ဒေါ့ဖုန်းယန်၊ ဝိုင်းမော်၊ ဖားကန့်၊ တနိုင်း စသည့် မြို့နယ်များတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အကျအဆုံးများသည့် စစ်ကောင်စီတပ်က လေကြောင်းကို အားပြုကာ ပြန်လည်တိုက်ခိုက်ခဲ့သည်။
အောက်တိုဘာ ၂၄ ညက ဖားကန့်မြို့နယ်ရှိ KIO နှစ်ပတ်လည်နေ့ပြုလုပ်ရာနေရာ အနန့်ပါဒေသကို စစ်ကောင်စီတပ်က တိုက်လေယဉ် ၃ စီးဖြင့် ဗုံးကြဲခဲ့သည့်အတွက် ဒေသခံ ၆၀ ဝန်းကျင်ခန့် သေဆုံးပြီး ၁၀၀ ခန့် ဒဏ်ရာရခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)