သတင်း

ထီးလင်းတွင် လူသတ်၊ မီးရှို့နေသည့် စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တိုက်ခိုက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် လူသတ်၊ မီးရှို့နေသည့် စစ်ကောင်စီတပ်ကို ဒေသခံ တော်လှန်ရေးတပ်ပေါင်းစုက ယမန်နေ့ (အောက်တိုဘာ ၂၇) တွင် ဝင်ရောက်တိုက်ခိုက်သည်။

အင်အား ၁၀၀ ကျော်ပါသည့် ထိုတပ်ဖွဲ့မှာ ထီးလင်းသို့ ရောက်လာပြီး တစ်လအတွင်း ရွာ ၇ ရွာမှ အိမ်ခြေ ၁၂၀ ကျော်ကို မီးရှို့ကာ ဒေသခံအမျိုးသား ၄ ဦးကို သတ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဂန့်ဂေါမြို့ အခြေစိုက် အမှတ် ၅၀ ခြေလျင်တပ်ရင်းနှင့် စစ်တပ်က လက်နက်ပေးထားသည့် ပျူစောထီးတို့ ပါဝင်သည့် ထိုစစ်ကြောင်းကို ယမန်နေ့ နံနက် ၇ နာရီဝန်းကျင်က ထန်းပင်ကုန်းရွာမှအထွက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃၀ ခန့်သေသည်ဟု YDF-ထီးလင်းအဖွဲ့က ဆိုသည်။

“ကျွန်တော်တို့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီးတော့ တိုက်တာပါ။ (ထန်းပင်ကုန်းရွာကို) မီးရှို့ပြီးတော့ ရွာကနေ ထွက်ပြီး ချောင်း (ရွာနံဘေးချောင်းငယ်ကို) ကူးမယ့်အချိန်မှာ ကျွန်တော်တို့ နောက်အနေ အနီးကပ် တရစပ်ဝင်ပစ်တာပါဗျ” ဟု YDF-ထီးလင်းဗျူဟာမှူးက ပြောသည်။

တစ်နာရီခန့်ကြာသည့် တိုက်ခိုက်မှုကို ယောဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့် YDF-ထီးလင်း၊ PDF-ထီးလင်းနှင့် အခြားသော မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်သည်ဟု ၎င်းထံမှ သိရသည်။

တိုက်ပွဲအတွင်း တပ်ပေါင်းစုဘက်မှ ရဲဘော်တစ်ဦး ပျောက်ဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု YDF-ထီးလင်း ဗျူဟာမှူးက ပြောသည်။ နှစ်ဖက် ထိခိုက်၊ သေဆုံးမှုများနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်က ထန်းပင်ကုန်းရွာသို့ ခေတ္တပြန်ဝင်ကာ အလောင်းများကို မီးရှို့၍ တောင်ဘက် လေးမိုင်ခန့်အကွာရှိ ထီးလင်းမြို့တွင်းသို့ ပြန်သွားသည်ဟု YDF-ထီးလင်း ဗျူဟာမှူးက ပြောသည်။

ကျွန်တော်တို့ ရွာထဲမှာ အလောင်းတွေ မီးပုံရှို့ထားတဲ့ နေရာတွေလည်း ကျွန်တော်တို့ တွေ့ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။ 

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် ဆန္ဒပြလျှင်ပင် ပြည်သူများ ပစ်သတ်ခံရသည့်အတွက် ယောဒေသ အပါအဝင် နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုများ အားကောင်းစွာ ပေါ်ပေါက်လာခဲ့သည်။

တောင်တန်းဒေသ ချင်းပြည်နယ်နှင့် ထိစပ်နေသည့် ယောဒေသအတွင်း စစ်တပ်က အင်အားအများအပြားအသုံးပြုကာ စစ်ရေးလှုပ်ရှားနေသည်။ ချင်း-မကွေးနယ်စပ် ယောဒေသမှ တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီကို ခုခံနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button