သတင်း

နေပြည်တော် စစ်ရုံးဧရိယာအနီး စာသင်ကျောင်းတွင် ဗုံးလန့်

နေပြည်တော်ရှိ စစ်တပ်ဌာနချုပ်နှင့် မနီးမဝေး တပ်မိသားစုဝင် သားသမီးအများစု တက်ရောက်နေသည့် ဇေယျာသီရိမြို့နယ် ကျည်တောင်ရွာ အမှတ် ၁၆ အထက်တန်းကျောင်းတွင် အောက်တိုဘာ ၂၄ ရက်က ဗုံးလန့်မှုဖြစ်ပွားသည်။

သီတင်းကျွတ်ကျောင်းပိတ်ကာလ ပြီးဆုံးချိန် ထိုနေ့ နံနက်တွင် ကျွတ်ကျွတ်အိတ် အနက်တစ်လုံးဖြင့် ထုပ်ထားသည့် အရာတစ်ခု ကျောင်းဝင်းအတွင်း တွေ့ရှိသဖြင့် စစ်တပ်နှင့် ရဲတို့ လာရောက် ရှင်းလင်းခဲ့ရသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

အိတ်အနက်ထဲတွင် ရှိသည့် အရာမှာ ဗုံးဟု စစ်ကောင်စီဘက်က ပြောခဲ့ကြောင်း၊ ဗုံးဟုတ်မဟုတ် မျက်မြင် စိစစ်ခွင့်မရခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ပေါက်ကွဲတာလည်း မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးလန့်ပြီးနောက် ယာယီပိတ်ထားခဲ့သော်လည်း ယနေ့ (အောက်တိုဘာ ၂၆) နံနက်တွင် ကျောင်းသူ၊ ကျောင်းသားအချို့ ကျောင်းပြန်တက်နေပြီး စိုးရိမ်သည့် မိဘအချို့ကမူ ၎င်းတို့၏ သားသမီးများကို ကျောင်းမတက်စေဘဲ အခြေအနေကို စောင့်ကြည့်နေကြကြောင်း ဒေသတွင်း သတင်းရင်းမြစ် နောက်တစ်ဦးက ပြောသည်။

“ရွာထဲက ၁၀တန်းကလေးတွေတောင် ကျောင်းမသွားကြဘူး။ မိဘတွေကလည်း စိုးရိမ်တော့ ကျောင်းမလွှတ်ကြဘူး။ ခု (ကျောင်းတက်တဲ့) ကျောင်းသားတွေက တပ်ထဲက ကျောင်းသားတွေ ဖြစ်မယ်။ ရွာထဲက မိဘတွေက စိုးရိမ်ပြီး ကျောင်းမလွှတ်တော့ စစ်တပ်မိသားစုကျောင်းသားတွေကို ကျောင်းလာတက်ခိုင်းတာ ထင်တယ်“ ဟု ထိုသူက ဆိုသည်။

ထိုကျောင်းတွင် စစ်သားနှင့် ရဲ သီးခြားလုံခြုံရေးယူထားသည်ကို မတွေ့ရသော်လည်း အရပ်ဝတ်ဖြင့် စောင့်ကြည့်နေသည်ဟု ယူဆရကြောင်း ၎င်းက ဆက်ပြောသည်။

ကျည်တောင်ရွာအနီးတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ရုံးထိုင်သည့် စစ်ရုံးချုပ်အပါအဝင် တပ်ရင်းတပ်ဖွဲ့ အခြေစိုက်နေရာ ငါးခုထက်မနည်း ရှိသည်။ နေပြည်တော်အတွင် အများပြည်သူ လာရောက်အပန်းဖြေလေ့ရှိသည့် လှေခွင်းတောင် လှေဆိပ်သည်လည်း ကျည်တောင်ရွာ၌ပင် ရှိသည်။

နေပြည်တော်တွင် အခြေစိုက်၍ စစ်ကောင်စီကို ခုခံနေသည့် အဖွဲ့တစ်ခုဖြစ်သည့် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ တာဝန်ရှိသူက တော်လှန်ရေးအင်အားစုများသည် ကလေးသူငယ်များရှိသည့် စာသင်ကျောင်း၊ ဆေးရုံကဲ့သို့သော အရပ်ဘက် ပစ်မှတ်များကို တိုက်ခိုက်မည်မဟုတ်ဟု ပြောသည်။

“ဒီဟာ (ကျည်တောင်ရွာ စာသင်ကျောင်း ဗုံးတွေ့မှု) က စစ်ကောင်စီရဲ့ ကောက်ကျစ်တဲ့ လမ်းစဉ်ပဲပေါ့။ ပုံဖျက်ဖို့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ UG (မြေအောက်တော်လှန်ရေးအဖွဲ့)၊ PDF (ဒေသကာကွယ်ရေးအဖွဲ့) တွေကို ပုံဖျက်ဖို့ တမင်တကာ ရည်ရွယ်ပြီး ဆောင်ရွက်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက နေပြည်တော်တွင် ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄)ကို သက်တမ်းတိုးထားပြီး မြို့တွင်း အချက်အချာကျသည့် နေရာများ၌ ဘန်ကာများ၊ ကတုတ်ကျင်းများ အခိုင်အမာဆောက်ကာ လုံခြုံရေးကို အထူးတင်းကျပ်ထားသည်။

ထိုအခြေအနေတွင် တော်လှန်ရေးသမားတို့မှာ နေပြည်တော်တွင်း စစ်ကောင်စီပစ်မှတ်များကို ရံဖန်ရံခါသာ တိုက်ခိုက်နိုင်ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button