သတင်း

စစ်ကောင်စီ သင်္ဘောများ ကသာတွင် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း စစ်ကောင်စီ သင်္ဘော ၇ စီးကို ဒေသကာကွယ်ရေးအဖွဲ့က ရှော့တိုက်ဒုံး၊ ဗုံးတပ်ဒရုန်း သုံး၍ ယမန်နေ့ (အောက်တိုဘာ ၂၀) ညနေ ၄ နာရီဝန်းကျင်တွင် တိုက်ခိုက်သည်။

ဧရာဝတီမြစ်အတိုင်း ထီးချိုင့်ဘက်မှ ဆန်တက်လာသည့် ရေယာဉ်အုပ်တွင် အရပ်ဘက်သုံးသင်္ဘောအများစု ပါဝင်ကြောင်း၊ ရှော့တိုက်ဒုံးနှစ်လုံး လွဲချော်သွားပြီး ဗုံးတစ်လုံးက သင်္ဘောတစ်စီးကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း ကသာ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သင်္ဘောများပေါ်မှ ပြန်လည်ပစ်ခတ်ရာ မြို့တောင်ဘက် မိုင်အနည်းငယ်အကွာရှိ ကျောက်ပုံရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၀ လုံး ပျက်စီးကာ ကျွဲ၊ နွားများ သေဆုံးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“(စစ်ကောင်စီဘက်က) လူထိခိုက်မှု ရှိမရှိတော့ သေချာမသိရဘူး။ (သင်္ဘော) ထိပြီးတာနဲ့ သူတို့ ရမ်းသန်းပြီး ပြန်ပစ်ခတ်ကြတာ” ဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုဖြစ်စဉ် အသေးစိတ်နှင့် အရပ်သား၊ တော်လှန်ရေးသမား ထိခိုက်မှု အခြေအနေတို့ကိုမူ တော်လှန်ရေးအဖွဲ့က ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ သင်္ဘောများ ကသာမြို့ ဆိပ်ကမ်းသို့ ထိုနေ့ညတွင် ဆိုက်ကပ်ခဲ့ပြီး ယနေ့ ထိုနေရာတွင်ပင် ရှိနေသည်ဟု အထက်ပါ သတင်းရင်းမြစ်က ယနေ့ (အောက်တိုဘာ ၂၁) နံနက်ပိုင်းတွင် ဆက်ပြောသည်။ 

ကသာတွင် သင်္ဘောများ ညအိပ်ရပ်နားထားစဉ် လူနာတင်ကားဖြင့် လူနာအချို့ တင်သွားသည်ဟု တော်လှန်ရေးအဖွဲ့က ဆိုသည်။

“ကသာမြို့ အဝင်အထွက်တွေကိုတော့ ကင်းတွေဘာတွေ လိုက်ချထားတယ်။ ကသာမြို့ အထက်ဘက်ကိုလည်း သူတို့ စစ်ကြောင်းထိုးတာတွေ ရှိတယ်” ဟု ကသာ PDF တာဝန်ရှိသူက ဆိုသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍မရပေ။

ဧရာဝတီမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘောများကို အောက်တိုဘာ ၂၀ ရက်က စစ်ကိုင်းတိုင်း ကသာမြို့မရောက်မီ တွေ့ရစဉ်။ ဓာတ်ပုံ- ကသာ/PDF

ဒေသတွင်း စစ်ရေးအခြေအနေကြောင့် ကသာမြို့အထက် ကျေးရွာများ ဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်ပြင်ဆင်ထားကြပါရန် တော်လှန်ရေးအင်အားစု၏ ကာသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်ထားသည်။

ထိုအပြင် စစ်ကိုင်း-ကချင်နယ်စပ်မျဉ်းအနီးတွင်ရှိသည့် ကျေးရွာများအနေဖြင့်လည်း လုံခြုံသည့်နေရာများတွင် ရှောင်တိမ်းကြရန်၊ ဧရာဝတီမြစ်အတွင်း စက်လှေများ အစုန်အဆန်မလုပ်ကြရန်လည်း သတိပေးထားသည်။

စစ်ကောင်စီ သင်္ဘောများ တက်လာသည့် သတင်းကြောင့် ရွှေကူမြို့ ဧရာဝတီမြစ်ကမ်းအနီးတွင် ရှိသည့် မိုးစစ်ရွာနှင့် ရေလဲရွာတို့မှ ဒေသခံများ အောက်တိုဘာ ၁၉ ရက်မှ စတင်ကာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရသည်ဟု ဒေသတွင်း သတင်းဌာနများက ရေးသားကြသည်။

မိုးစစ်ရွာမှာ စစ်ကောင်စီတပ်၏ မကြာခဏ မီးရှို့ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများကို ခံနေရပြီး စက်တင်ဘာ ၂၂ တွင် တော်လှန်ရေးအဖွဲ့နှင့် တိုက်ပွဲဖြစ်စဉ် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ဖူးသည်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် ပစ်သတ်ပြီးနောက် နိုင်ငံအနှံ့ ခုခံမှုများ ပေါ်ပေါက်နေရာ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ မြို့ရွာများတွင်လည်း တော်လှန်ရေးလှုပ်ရှားမှု အားကောင်းသည်။

ဝါရင့်တော်လှန်ရေးအဖွဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အခြေစိုက်ရာ ကချင်ပြည်နယ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းမှတစ်ဆင့် လူသူ၊ ခဲယမ်း၊ ရိက္ခာပို့ရန် စစ်ကောင်စီက ကြိုးစားနေရာတွင် ဧရာဝတီမြစ်ကြောင်းကို အဓိက သုံးစွဲနေသည်။ KIA နှင့် PDF တို့ကလည်း အစဉ်အမြဲ စောင့်ကြို တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button