သတင်း

ချင်းတောင်ပိုင်း ကန်ပက်လက်တွင် စစ်တပ်နှင့် CDF နှစ်ရက်ဆက် တိုက်ပွဲဖြစ်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ပေါ်တွင် တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ အရာရှိအပါအဝင် ၄ ဦးထက်မနည်း သေဆုံးသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ပြောသည်။ 

ယမန်နေ့ (အောက်တိုဘာ ၂၀) နံနက် ၄ နာရီခန့်တွင် စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့် မြို့တွင်းမှ မြို့ပြင်သို့ ထွက်ရန် ပြင်ဆင်နေစဉ် CDF ကန်ပက်လက် ကင်းပုန်းများနှင့် တွေ့ကာ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲမှာ မွန်းတည့် ၁၂ နာရီခန့်အထိ ကြာမြင့်ကြောင်း၊ စစ်ကောင်စီတပ်က မြို့တွင်းပြန်ဝင်ရောက်သွားသည့်အတွက် တိုက်ပွဲပြီးဆုံးသွားခဲ့သည်ဟု CDF-ကန်ပက်လက်မှ တပ်မဟာမှူး ဆလိုင်းရှိန်းထန်းက ပြောသည်။

“ကန်ပက်လက်မြို့ပြင်က ကျွန်တော်တို့ ထိန်းချုပ်ထားတာဆိုတော့၊ သူတို့ (စစ်ကောင်စီ) မြို့ပြင်ထွက်ဖို့ပြင်တာနဲ့ ကျွန်တော်တို့ တပ်တွေနဲ့ တွေ့ပြီးတော့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်၊ အဲဒီမှာ စစ်ကောင်စီဘက်ကတော့ ၄ ယောက်ကတော့ သေချာတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူများတွင် အရာရှိအချို့ပါဝင်သည်ဟု သိရပြီး အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲရပ်သွားသော်လည်း စစ်ကောင်စီတပ်က မြို့တွင်းနှင့် မြို့ပြင်ဘက်သို့ မရပ်မနား ပစ်ခတ်ခဲ့သည့်အတွက် လူနေအိမ်အချို့ လက်နက်ကြီးကျည် ထိမှန်သည်ဟု သိရသည်။ 

ထို့ပြင် ယနေ့နံနက် ၁၀ နာရီခန့်တွင်လည်း မြို့တွင်းရှိ စစ်ကောင်စီတပ်များကို CDF က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြေပြင်သတင်းများ မရသေးသည့်အတွက် အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း CDF ကန်ပက်လက်ထံမှ သိရသည်။

“ဒီနေ့မနက်လည်း တိုက်ပွဲဆက်ဖြစ်တယ်။ ဖြစ်တဲ့နေရာအတိအကျနဲ့ ထိခိုက်ကျဆုံးမှုကတော့ သတင်းပို့မှ ပြောလို့ရမှာ။ အခုထိ ဆက်ဖြစ်နေလားတော့ မသိဘူး။ လက်နက်ကြီးတွေလည်း အရမ်းပစ်ကြတယ်” ဟု ဆလိုင်းရှိန်းထန်းက ပြောသည်။

တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားတတ်သလို သတင်းထောက်တို့၏ တိုက်ပွဲဆိုင်ရာ မေးခွန်းကိုလည်း ပြန်လည်ဖြေဆိုလေ့မရှိပေ။

ကန်ပက်လက်နှင့် ကျင်ဒွေးစခန်းသို့ လက်နက် ခဲယမ်းနှင့် စစ်ကူများ ရဟတ်ယာဉ်များဖြင့် ပေးပို့နေသောကြောင့် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်သည်ဟု CDF ကန်ပက်လက်က ထုတ်ပြန်ထားသည်။

မြို့နယ်အတွင်း တစ်လခန့် ငြိမ်သက်နေပြီး ယခုမှ တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးများ နိုင်ငံအနှံ့ဖြစ်ပွားလာရာ ချင်းပြည်နယ်ကလည်း တော်လှန်ရေးအားကောင်းရာ ဒေသဖြစ်လာသည်။

စစ်တပ်၏ ဗျူဟာစခန်းတစ်ခုအထိုင်ချထားသည့် ချင်းပြည်နယ်တောင်ပိုင်းကို စစ်တပ်က စစ်အင်အားနှင့် လက်နက်ခဲယမ်းများ အဆက်မပြတ်ပို့ဆောင်နေသည်ဟု သိရသည်။

ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီမြို့နယ်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို ချင်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၁၃ ရက်မှစ၍ ပြည်နယ်မြို့တော် ဟားခါးအနီး စစ်တပ်နှင့် ချင်းအမျိုးသားတပ်မတော် (CNA) တို့ တိုက်ပွဲများ ဖြစ်နေသည်။

ရွေးကောက်ပွဲကို အကြောင်းပြပြီး စစ်ကောင်စီတပ်က ပြည်နယ်မြောက်ပိုင်းတွင် နယ်မြေစိုးမိုးရေးလုပ်ရန် ကြိုးပမ်းလာသည့်အတွက် စစ်ရေးတင်းမာနေသည်ဟု CNA ဘက်က ပြောထားသည်။

စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံနေရာအနှံ့မှ လူဦးရေ တစ်သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရသည့်အထဲတွင် ချင်းပြည်နယ်မှ ပြည်သူ ၃၉၀၀၀ ကျော် ပါဝင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးရုံး (UNOCHA) ၏ အောက်တိုဘာ ၁ ထုတ်ပြန်ချက်အရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button