သတင်း

CDM ကျောင်းဆရာကို ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း တိုက်ခိုက်ခံရ

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ကျောင်းဆရာတစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့သော စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ (အောက်တိုဘာ ၁၉) နံနက်က ဗုံးတပ်ဒရုန်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု မကွေးတိုင်း၊ ပေါက်မြို့နယ် အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ပေါက်မြို့နယ် အရှေ့တောင်ဘက် မင်းတပ်-ပခုက္ကူလမ်းဘေးရှိ ဘုရားတောင်ရွာအနီး ကုန်းမြင့်တစ်ခုတွင် တပ်စွဲထားသော အင်အား ၈၀ ဝန်းကျင် စစ်ကောင်စီတပ်ကို ဗုံးသီး ၃ လုံးကို ဒရုန်းဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Anonymous Special Task Force ဆိုသောအဖွဲ့က ယနေ့ (အောက်တိုဘာ ၂၀) ထုတ်ပြန်သည်။

ဘုရားတောင်ရွာ မြောက်ဘက်နှင့် ၁ မိုင်ကျော်အကွာတွင် ရှိသော ရေပြာရွာမှ စစ်ကောင်စီစခန်းကိုလည်း ဗုံးသီး ၃ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့သေးသည်ဟု အဆိုပါအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

“ဗုံးသီးနဲ့ချတဲ့စစ်ကြောင်းက ဘုရား‌တောင် ရွှေပေါင်လောင်ဘုရားကုန်းမှာ တပ်စွဲထားတုန်းပဲ။ မနေ့က (တိုက်ခိုက်မှုကြောင့်) အထိအခိုက် အကျအဆုံးအခြေနေတော့ မသိရသေးဘူး။ အဲဒီနေ့က ရေပြာစခန်းကိုပါ တစ်ပြိုင်တည်း ချလိုက်တာ  “

ယောချောင်းအနောက်ဘက်မြစ်ကမ်း ဘုရားတောင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ မှစ၍ ပေါက်မြို့နယ်တောင်ပိုင်းကျေးရွာများကို ဝင်ရောက်စီးနင်းနေပြီး CDM ကျောင်းဆရာတစ်ဦး အပါအဝင် အမျိုးသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ယခုလ ၁၇ ရက် နံနက်ပိုင်း ပေါက်မြို့နယ်တောင်ဘက် ကျားပြစ်ကန်ရွာကို စီးနင်းစဉ် စစ်တပ်က အသက် ၄၆ နှစ်အရွယ် CDM ကျောင်းဆရာ ဦးစောမိုးထွန်းကို ဖမ်းဆီးကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။​

“ဆရာကြီးကို တောင်မြင့်ရွာအထိ ဖမ်းခေါ်လာပြီး စာသင်ကျောင်းမှာ သတ်ခဲ့တာ။ ညာဘက် လက်သုံးချောင်းကို ဖြတ်တယ်၊ ပေါင်ကြားထဲ ထည့်ခဲ့တယ်။ ခေါင်းကို ဖြတ်တယ်။ ကျောင်းတံခါးမှာ ချိတ်ခဲ့တာ။ နောက်ထပ် ပြည်သူနှစ်ယောက်ကတော့ ဘယ်သူဘယ်ဝါ အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် CDM  ကျောင်းဆရာ ဦးစောမိုးထွန်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချိတ်ဆက်၍ ပေါက်မြို့နယ်၌ ဖွင့်လှစ်ထားသည့်ကျောင်းတွင် စာသင်ကြားပေးနေပြီး NUG ၏ ပညာရေး မြို့နယ်ဦးဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ်သည်။ 

ကျောင်းဆရာ ဦးစောမိုးထွန်းကို ဖမ်းဆီးပြီးနောက် မြောက်ဘက် တောင်မြင့်ရွာသို့ ခေါ်ဆောင်သွားကာ ရွာကျောင်းရှေ့တွင် ဦးခေါင်းနှင့် လက်ချောင်းများကို ဖြတ်တောက်၍ သတ်ပစ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံ နောက်တစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်စွဲထားသည့် ဘုရား‌တောင် ရွှေပေါင်လောင်ဘုရားကုန်းပေါ်မှ မြင်ကွင်းအား ယမန်နှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Pyae Phyo Aung)

“တောင်မြင့်ရွာစာသင်ကျောင်းတံခါးမှာ ဆရာ့ခေါင်းကို ချိတ်ခဲ့တာ။ ကျောင်းကိုလည်း မီးရှို့ခဲ့တယ်။ ဆရာကြီးက ပညာရေးကော်မတီမှာ အကြီးပိုင်းက ပါတယ်။ သူက သင်္ချာအဓိက သင်တာ”

အွန်လိုင်းတွင် ပျံ့နှံ့နေသည့်ဓာတ်ပုံတွင် ခေါင်းကို စာသင်ကျောင်း သံပန်းတံခါးတွင် ချိတ်ခဲ့ပြီး ခန္ဓာကိုယ်က လဲကျနေသည်ကို တွေ့ရသည်။ 

ထို CDM ကျောင်းဆရာအပြင် ထိုစစ်ကြောင်းမှ ဖမ်းဆီးထားသည့် ဒေသခံ ၂ ဦးလည်း သတ်ဖြတ်ခံရသည်ဟု သိရသည်။ 

စီးနင်းခဲ့သည့်ရွာများအနက် အိမ်ခြေ ၂၅၀ ခန့်ရှိသည့် သီးခြောက်ရွာသည် ရွာလုံးကျွတ် မီးရှို့ခံရပြီး ကျန်ရွာများမှာမူ အနည်းဆုံး ၂ အိမ်စီသာ မီးရှို့သွားသည်ကိုသာ တွေ့ရသည်ဟု Anonymous Special Task Force တာဝန်ခံက ပြောသည်။ 

ပေါက်တောင်ဘက် ၁၈ မိုင်ခန့်အကွာရှိ သီးခြောက်ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်စီးနင်းပြီးနောက် ရွာအတွင်းရှိ ပစ္စည်းများကို ယူဆောင်ကာ ည ၉ နာရီခန့်တွင် မီးတင်ရှို့ခဲ့၍ နေအိမ် ၂၁၀ ကျော် မီးလောင်ပြာကျသွားသည်ဟု သိရသည်။ 

အောက်တိုဘာ ၁၂ တည်းက ရွာစဉ်လှည့်စီးနင်းနေသည့် စစ်ကောင်စီတပ်ကြောင့် ကျေးရွာပေါင်း ၁၃ ရွာခန့်မှ ပြည်သူ ၈၀၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ပေါက်မြို့နယ်အတွင်း CDM ကျောင်းဆရာကို ခေါင်းဖြတ်သတ်သည့်ဖြစ်စဉ်အပါအဝင် ရွာကို မီးတင်ရှို့သည့် အခြေအနေများအပေါ် စစ်ကောင်စီက သတင်းထုတ်ပြန်ထားခြင်း မရှိပေ။ 

ဦးစောမိုးထွန်း ရက်စက်စွာ သတ်ဖြတ်ခံရမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BEGSC)၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများတိုက်ပွဲဦးဆောင် ကော်မတီ (BEWU-SC) တို့က အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်ထားသည်။ 

အလားတူ အောက်တိုဘာ ၁၇၊ ည ၇ နာရီခန့်က ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ CDM အလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးရဲသီဟသည် နေအိမ်တွင် ရှိနေစဉ် ဓားဖြင့် ၇ ချက် ထိုးသတ်ခံရကြောင်း ထိုထုတ်ပြန်စာ၌ ဖော်ပြထားသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြားကာလပညာရေးကို ဆောင်ရွက်လျက်ရှိသော ဆရာ၊ ဆရာမများ၊ CDM ဆရာ/မများနှင့် ကျောင်းသား /သူ၊ ကလေးသူငယ်များ၏ အသက်အန္တရာယ်လုံခြုံရေးအား ကာကွယ် စောင့်ရှောက်ပေးရန် ပြည်သူလူထု၊ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တော်လှန်ရေးအဖွဲ့အစည်းများအား တိုက်တွန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button