သတင်း

ဂန့်ဂေါမြောက်ပိုင်းရောက်လာသော စစ်ကြောင်းနှင့် YDF တိုက်ပွဲဖြစ်

မကွေးတိုင်းအနောက်ပိုင်း ဂန့်ဂေါမြို့နယ် ချုံခိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၈ ဦး ထက်မနည်း သေဆုံးသည်ဟု ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) ထံမှ သိရသည်။

အောက်တိုဘာ ၁၇ ရက်နေ့က မြို့မြောက်ဘက် ၂၅ မိုင်ခန့်အကွာရှိ လက်ပန်ရွာနှင့် ကန်ရွာအနီး လက်နက်ကိုင် အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကြောင်းထိုးလာသူများမှာ ဂန့်ဂေါအခြေစိုက် အမှတ် ၅၀ ခြေလျင်တပ်ရင်းမှ ဖြစ်ကြောင်း၊ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သိရသည်။

YDF တပ်ရင်း(၁)၊ (၂)၊ (၃) နှင့် မဟာမိတ်တပ်အချို့ ပူးပေါင်းပြီး နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့သည်ဟု YDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ချုံခိုတိုက်ပြီးတော့ ဆက်ရင်ဆိုင်တိုက်ကြတော့ သူတို့ဘက်က ၈ ယောက်သေပြီး ပျူစောထီးမိန်းကလေးတွေလည်း ဒဏ်ရာရကြတယ်၊ ဒဏ်ရာရတာကတော့ များတယ်ပြောရမယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

YDF ရဲဘော်တစ်ဦးနှင့် ကျေးရွာကာကွယ်ရေးအဖွဲ့မှ တစ်ဦးလည်း ဒဏ်ရာအနည်းငယ် ရခဲ့သည်ဟု သိရသည်။

YDF မှ ထုတ်လုပ်သော လက်နက်ကြီးအစိတ်အပိုင်းတချို့နှင့် ရဲဘော်တစ်ဦးကို စက်တင်ဘာ တတိယပတ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- YDF)

တိုက်ပွဲဖြစ်ပွားရာအနီးတွင် ရောက်ရှိနေသည့် သာပေါင်းရွာမှ ဒေသခံအမျိုးသမီးတစ်ဦး ပေါင်တွင် ကျည်ဆန်ထိမှန်ဒဏ်ရာရရှိခဲ့သည့်အတွက် YDF အဖွဲ့က ဆေးကုသပေးခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲပြီးသည့်နောက် အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ကန်ရွာအတွင်းရှိ ရဲစခန်းအတွင်းသို့ ဝင်ရောက်သွားသည်၊ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ရေးတင်းမာနေသည်ဟု YDF အဖွဲ့ထံမှ သိရသည်။

ကန်ရွာတွင် ခိုးယူလုယက်မှုများ ဖြစ်ပွားနေသည်ဟု သိရသည်။ ကန်ရွာသို့ ရောက်လာသော ပျူစောထီးအဖွဲ့ဝင်များထဲတွင် အမျိုးသမီး ၁၃ ဦး ပါဝင်သည်ဟု သိရကြောင်း ယောသတင်းပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၉ ရက်နေ့က အဆိုပါ ကန်ရွာမှ ရဲများနှင့် YDF ဒုတိယစစ်ဦးစီးချုပ် ကိုဖြိုးဝေစိုး၊ ရဲဘော် ၂ ဦးတို့ ကျွန်းခုံသာရွာအနီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကိုဖြိုးဝေစိုးနှင့် ရဲဘော်တစ်ဦးတို့ သေဆုံးခဲ့သည်။

“အရင်တုန်းက ကန်ရဲစခန်းနားမှာ ဒုစစ်ဦးစီးချုပ်ကျထားတာပေါ့၊ သူတို့ပြန်တိုက်ခံရမှာစိုးလို့ စစ်ကူတောင်းတဲ့ သဘောမျိုးဖြစ်မယ်၊ အဲဒါကြောင့် သူတို့ ဂန့်ဂေါကနေ စစ်ကြောင်းထိုးလာတာ” ဟု YDF တာဝန်ရှိသူက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ဖြစ်ပွားလာသည့် လက်နက်ကိုင်တိုက်ပွဲများတွင် ယောဒေသက အင်အားကောင်းကောင်းဖြင့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည်။

တော်လှန်ရေးအားကောင်းသည့် ယောဒေသကို စစ်ကောင်စီတပ်က အင်အားထောင်နှင့်ချီ အသုံးပြုကာ စစ်ဆင်ရေး ပြုလုပ်နေပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရွာမီးရှို့ခြင်းများကို အဆက်မပြတ် ပြုလုပ်နေသည်။

ယနေ့နံနက်က ယောဒေသ ထီးလင်းမြို့နယ် တောရောင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ရွာနီးချုပ်စပ် လယ်တောများအတွင်း စစ်ရှောင်နေသည့် ဒေသခံများကို ပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု YDF ထီးလင်းအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ထိုဖြစ်ရပ်များအကြောင်း သတင်းအမှောင်ချထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button