
(ရန်ကုန်) — အရေးပေါ်လူနာတင်ယာဉ်များကို အလွယ်တကူခေါ်ဆိုနိုင်မည့် စနစ်တစ်ခုကို တည်ထောင်ရန်ပြင်ဆင်နေကြောင်း ရန်ကုန်ဆေးရုံကြီးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက ပြောသည်။
ရန်ကုန်ဆေးတက္ကသိုလ် (၁) နှင့် ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်ကြီးများ ဦးစီးအကောင်အထည်ဖော်နေသည့် အဆိုပါစနစ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပရဟိတ လူမှုကူညီရေး အသင်းများ စုပေါင်းပါဝင်မည့် ကောလ်စင်တာပုံစံ ကွန်ရက်တစ်ခု တည်ဆောက်နိုင်ရန် ဆောင်ရွက်နေကြောင်း သူကပြောသည်။
“အခုဖြစ်နေတာက လူနာတင်ယာဉ်တွေကို ခေါ်ရာမှာ ကိုယ်နာမည်သိတဲ့ ဖုန်းတစ်ခုတည်းကိုပဲ အကုန်လုံးက ဝိုင်းခေါ်နေကြတာ။ အဲ့ဒီဘက်မှာလည်း ခေါ်တဲ့အချိန်မှာ သူတို့က တခြား လူနာကို သွားသယ်နေတာမျိုးလည်း ရှိမှာပဲ။ အဲ့ဒီအတွက် နိုင်ငံတကာက ပညာရှင်တွေနဲ့ပါ တိုင်ပင်ပြီး ကောလ်စင်တာလိုမျိုးကနေ လူနာတင်ယာဉ်တွေကို အလှည့်ကျ ခေါ်ပေးနိုင်တဲ့ ပုံစံမျိုးကို အကောင်အထည်ဖော်နေတာ” ဟု ရန်ကုန်ဆေးရုံ၏ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။
ထိုစီမံကိန်းသည် ရန်ကုန်မြို့တစ်ခုတည်း မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးအတွက်ပါ ရည်ရွယ်ထားခြင်းဖြစ်ပြီး အရေးပေါ်လူနာများ ငွေမကုန်၊ မနှောင့်နှေးစေဘဲ ဆေးရုံရောက်ရန် ရည်ရွယ်ကြောင်းလည်း ၎င်းက ပြောသည်။
ရန်ကုန်တိုင်းအတွင်း လူနာတင်ယာဉ်များနှင့် ပတ်သက်ပြီး ကူညီပေးနေသည့် ပရဟိတအဖွဲ့ပေါင်း ၁၄၀ ကျော် ရှိနေပြီး ယခုအကောင်အထည်ဖော်နေသည့် စနစ်တစ်ခု ဖြစ်ပေါ်လာလျှင် ရန်ကုန်တိုင်း ခရိုင် ၄ ခုမှ နီးစပ်ရာ အဖွဲ့များကို ကောလ်စင်တာတစ်ခုမှ ချိတ်ဆက် ပေးနိုင်မည်ဟု ရွှေသံလျင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက ပြောသည်။
အဆိုပါစနစ်စတင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ခွင့်ပြုချက်နှင့် ခွင့်ပြုမည့်နေ့ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ တောင်းခံထားကြောင်း သူက ပြောသည်။
လူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ်များအားလုံးကို အစိုးရဘက်က တရားဝင်မှတ်ပုံတင်ပေးရန်၊ ကယ်ဆယ်ရေးသမားများအား အရေးပေါ်လူနာပြုစုစောင့်ရှောက်မှု သင်တန်းများ စီစဉ် ပေးရန်၊ ကောလ်စင်တာတစ်ခု တည်ထောင်ပေးရန်၊ အမှတ်တံဆိပ်နှင့် တူညီဝတ်စုံကို သတ်မှတ်ပေးရန်၊ လူနာတင်ယာဉ်များတွင် အသုံးပြုမည့် မီးတန်းနှင့် အသံကို တစ်ပြေးညီ သတ်မှတ် ပေးရန် ထိုအလုပ်ရုံဆွေးနွေးပွဲတွင် တောင်းဆိုမည်ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့ လူနာတင်ကားနဲ့ ခေါ်လာတယ်။ လမ်းထဲမှာတင် သေသွားတယ်။ အဲ့ဒီအခါမျိုးမှာ တချို့က ကျွန်တော်တို့ကားတွေ အရမ်းမောင်းလို့၊ ဘာလို့ဆို ပြောကြတာမျိုးရှိတယ်။
အဲဒီတော့ ကျွန်တော်တို့ စေတနာက ဝေဒနာဖြစ်ရော။ ဒါကို ဥပဒေနဲ့ ပြန်အကာအကွယ်ပေးဖို့လည်း လိုတယ်” ဟု ၎င်းက ဆိုသည်။
သို့ရာတွင် လက်ရှိအနေအထားရ လူနာတင်ယာဉ် ပရဟိတအဖွဲ့အားလုံးက ပါဝင်ဆွေးနွေးနေခြင်း မဟုတ်သလို စနစ်တစ်ခု တည်ဆောက်နိုင်ရန်အတွက် အဆင့်များစွာ ပြုလုပ်ရမည်ဟု ကိုကြီးနှင့်ညီအစ်ကိုများပရဟိတအဖွဲ့မှ ဦးမြင့်ဇော်က သုံးသပ်သည်။
“အခု အစိုးရဘက်က လိုင်စင်မဲ့ကားတွေ ဖမ်းတာမှာ ကျွန်တော်တို့ ပရဟိတအဖွဲ့တွေက လူနာတင်ယာဉ်တွေပါ အကုန်ဖမ်းမယ်ဆိုတော့ ပိုဆိုးတာပေါ့။ နောက်တစ်ခု ကျွန်တော်တို့အဖွဲ့တွေ ကို ဘယ်သူက ညွှန်ကြားမှာလဲ။ ကိုယ်ကလည်း အားတဲ့အခါလေးမှာ ဝင်ကူညီကြတာ။ ကိုယ်မအားတာကို ဘယ်လိုအမိန့်မျိုးနဲ့ လုပ်ခိုင်းမှာလဲ။ ဒါလည်း စဉ်းစားရမယ့်အချက်တွေ” ဟု သူက ဆိုသည်။