သတင်း

ယောဒေသ မီးသင့်အလောင်း ၄ လောင်းတွင် ဆယ်ကျော်သက်များ ပါဝင်ဖွယ်ရှိ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီ ၃ ရက်ကြာ တပ်စွဲခဲ့သည့်ရွာအတွင်း သတ်ဖြတ်ခံထားရသူ ၄ ဦး၏ မီးကြွင်းရုပ်အလောင်းများကို ယမန်နေ့ (အောက်တိုဘာ ၁၃) တွင် တွေ့ရှိခဲ့သည်ဟု ‌ယောကာကွယ်ရေးတပ် (YDF) ထံမှ သိရသည်။

ပျူစောထီး ခေါ် ပြည်သူ့စစ်များ၊ ဂန့်ဂေါမြို့နယ် အမှတ် ၅၀ ခြေလျင်တပ်ရင်းမှ စစ်သားများ စုစုပေါင်း အင်အား ၁၀၀ ခန့်သည် စက်တင်ဘာလလယ်ခန့်မှ စ၍ ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေပြီး ရွာများကို မီးရှို့ဖျက်ဆီးနေသည်။

အဆိုပါစစ်ကြောင်းမှာ အောက်တိုဘာ ၁၁ တွင် ထီးလင်းမြို့ အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ အနောက်ဘက်ကျေးရွာတွင် ရောက်ရှိတပ်စွဲခဲ့ပြီး ယမန်နေ့နံနက်က ရွာကို မီးရှို့ပြီးနောက် ပြန်လည် ထွက်ခွာသွားခဲ့ရာမှ ထိုသို့ ရုပ်အလောင်းများ တွေ့ရှိခြင်းဖြစ်သည်ဟု YDF ထီးလင်းမှ ဗျူဟာမှူးက ပြောသည်။

စစ်ကြောင်းပြန်ထွက်သွားပြီးနောက် အနောက်ဘက်ကျေးရွာအား YDF ထီးလင်းအဖွဲ့မှ ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် ဝင်ရောက်ရှင်းလင်းရာ မီးလောင်ထားသည့် နေအိမ်ပေါ်တွင် လက်ပြန်ကြိုးတုပ်ခံထားရသော၊ မီးလောင်ကျွမ်းနေသော ရုပ်အလောင်းများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အဲဒီရွာက သုံးကြိမ်မြောက် မီးရှို့ခံရတာ၊ ဒီတစ်ကြိမ် စစ်ကြောင်းထွက်သွားတဲ့အခါမှာ ကျွန်တော်တို့က နယ်မြေရှင်းလင်းရေးပုံစံမျိုး သွားတဲ့အခါမှာ မီးလောင်နေတဲ့ အိမ်ထဲကနေ အလောင်း ၄ လောင်း တွေ့တယ်၊ ၄ လောင်းလုံးက တော်တော်ရုပ်ပျက်နေကြပြီဆိုတော့ ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်သေးဘူး” ဟု အထက်ပါ ဗျူဟာမှူးက ပြောသည်။

ထိုရွာမှ အသက်မပြည့်သေးသည့် လူငယ်နှစ်ဦး အပါအဝင် စုစုပေါင်း အမျိုးသား ၆ ဦးပျောက်ဆုံးနေပြီး အလောင်း ၄ လောင်းတွင် အဆိုပါ ပျောက်ဆုံး ၆ ဦးထဲမှလည်း ပါဝင်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

ပျောက်ဆုံးသူများမှာ မောင်အောင်ဖြိုးကို (အသက် ၁၄ နှစ်)၊ မောင်ညိုမင်း (၁၇ နှစ်)၊ မောင်ဟိန်းထက် (၁၈ နှစ်)၊ ကိုဇင်မင်း (၂၈ နှစ်)၊ ကိုဇင်ထွန်း (၃၃ နှစ်) နှင့် ဦးမောင်အေး (၅၇ နှစ်) တို့ဖြစ်သည်ဟု YDF-ထီးလင်း၏ အချက်အလက်များအရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရစ်ခဲ့သော အသုံးအဆောင်ပစ္စည်းတချို့။ (ဓာတ်ပုံ- YDF Htilin)

ရှင်းလင်းရေးပြုလုပ်နေစဉ် ထိုရွာဘက်သို့ စစ်ကြောင်း ပြန်လည်လှုပ်ရှားလာသည့်အတွက် နောက်ပြန်ဆုတ်ခဲ့ရပြီး မီးငြှိမ်းသတ်ခြင်း၊ မိုင်းရှင်းလင်းခြင်းတို့ကို မလုပ်နိုင်ခဲ့ကြောင်း YDF  ဘက်က ဆိုသည်။

ထိုစစ်ကြောင်းမှာ အနောက်ဘက်ကျေးရွာမှ နေအိမ် ၁၀ လုံးအပါအဝင် အညာတော၊ ပုဏ္ဏား၊ သရခါ၊ ကံသာ စသည့် ကျေးရွာများမှ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ကာ ယမန်နေ့ မွန်းလွဲပိုင်းတွင် ထီးလင်းမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်ဟု သိရသည်။

YDF နှင့် ထိုစစ်ကြောင်း နှစ်ကြိမ်တိုက်ခဲ့ပြီးဖြစ်ကြောင်း၊ တိုက်ပွဲများဆက်ဖြစ်ပွားနိုင်ကြောင်း YDF ထီးလင်းမှ ဗျူဟာမှူးက ပြောသည်။

“စစ်ရေးကတော့ နည်းနည်းတင်းမာနေတယ်လို့ ပြောလို့ရတယ်၊ ဒီစစ်ကြောင်းအပေါ်မှာ ပြည်သူတွေကရော တော်လှန်ရေးအင်အားစုတွေကရော တော်တော်လေး အခဲမကျေဖြစ်နေကြတယ်၊ လက်တုံ့ပြန်ဖို့ စီစဉ်နေကြတယ်” 

၎င်းစစ်ကြောင်းမှာ စက်တင်ဘာ ၂၇ ကလည်း ထီးလင်းမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ပုဏ္ဏားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်အချို့ကို မီးရှို့ကာ ဒေသခံ ၉ ဦးကို ဖမ်းဆီးသွားခဲ့သည်။

မီးရှို့မှု၊ သတ်ဖြတ်မှုများကို ရပ်တန့်ရန် နိုင်ငံတကာက တိုက်တွန်းနေသော်လည်း စစ်ကောင်စီတပ်ကမူ ထိုလုပ်ရပ်များ ကျူးလွန်မထားဟုသာ တုံ့ပြန်တတ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တော်လှန်ရေး အားကောင်းလာသည့် မကွေးတိုင်းတွင် ၂၀၂၁ နှစ်လယ်ခန့်မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

ချင်း-မကွေးနယ်စပ်ရှိ ယောဒေသတွင် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်မှာ အင်အား ၂၀၀၀ ခန့် ရှိနိုင်သည်ဟု တော်လှန်ရေးအဖွဲ့အချို့က ခန့်မှန်းထားပြီး ထိုဒေသတွင်လည်း YDF အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ ရှိနေသည်။  

ယောဒေသအတွင်း စစ်ကောင်စီတပ်နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး မကြာသေးခင်ကလည်း YDF ဒုစစ်ဦးစီးချုပ် သေဆုံးခဲ့သလို နေအိမ်မီးရှို့မှုများ၊ ဒေသခံများအပြား ထွက်ပြေးရမှုများ ရှိနေကာ တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံများပါ အကူအညီများ လိုအပ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button