သတင်း

စစ်သင်တန်းဆင်း ပျူစောထီး ၂၇ ဦး ခိုလှုံလာဟု မြိုင် PDF ပြော

စစ်ကောင်စီ စစ်သင်တန်းဆင်း ပျူစောထီး (အရပ်သားလက်နက်ကိုင်အဖွဲ့) ၂၇ ဦး လာရောက်ခိုလှုံသည်ဟု မကွေးတိုင်း၊ ပခုက္ကူခရိုင် မြိုင်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တာဝန်ရှိသူထံမှ သိရသည်။

မြိုင်နှင့် နယ်နိမိတ်ထိစပ်နေသည့် ပေါက်မြို့မြောက်ဘက် ၁၁ မိုင်ခန့်အကွာ ဇီးပြားရွာရှိ ပျူစောထီးသင်တန်းကို မြိုင် PDF နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ အောက်တို့ဘာ ၃ ရက်က ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ရက် (အောက်တိုဘာ ၅) အကြာတွင် ထိုသို့ ထွက်ပြေးလာကြခြင်းဖြစ်သည်။

၂၇ ဦးစလုံးမှာ ဇီးပြားရွာမှဖြစ်ကာ အမျိုးသမီး ၁၂ ဦးပါဝင်ကြောင်း၊ စစ်ကောင်စီ စီစဉ်သည့် ၅ ရက်ကြာ စစ်သင်တန်းတက်ပြီးနောက် ရွာကို ကင်းစောင့်ပေးရသူများဖြစ်ကြောင်း၊၊ ၎င်းတို့တွင် လက်နက်မရှိကြောင်း မြိုင် PDF တပ်ရင်းမှူးက ပြောသည်။

“သင်တန်းက ကျွန်တော်တို့ ဝင်တိုက်လို့ ပျက်သွားသလိုဖြစ်သွားတဲ့အခါမှာ သူတို့ကို ဓားတွေ၊ အက်စစ် ပုလင်းတွေပေးပြီး ကင်းစောင့်ရတယ်။ နေ့စဉ် လုပ်နေရတော့ မလုပ်ချင်ကြတော့လို့ ပြေးလာကြတာ။ … သူတို့ (စကစ) ကို အကာအကွယ်လုပ်ပေးနေရလို့ မနေချင်ကြတော့တာ” ဟု ၎င်းက ပြောသည်။

ဇီးပြားရွာရှိ ပျူစောထီးသင်တန်းစခန်းသို့ ၅ နာရီကြာ သွားရောက်တိုက်ခိုက်စဉ် စစ်ကောင်စီ ၁၇ ဦးသေ၊ ပျူ ၅၃ ဦးဖမ်းမိကြောင်း၊ စစ်ကောင်စီက စစ်ကူပို့၍ ထိုရွာတွင် တပ်စွဲထားဆဲဖြစ်ကြောင်း အထက်ပါ မြိုင် PDF တပ်ရင်းမှူးက ဆက်ပြောသည်။

ဖမ်းမိထားသူများကို နှစ်နေရာခွဲ၍ ထိန်းသိမ်းထားပြီး ကျန်းမာရေးနှင့် စားရေးသောက်ရေး စီစဉ်ပေးထားကြောင်း၊ ခိုလှုံလာသူ ၂၇ ဦးအနက် အများစုကို ၎င်းတို့၏ ဆန္ဒအရ တရုတ်နယ်စပ် တစ်နေရာသို့ ရွှေ့ပြောင်းပေးထားကြောင်း ၎င်းထံမှ သိရသည်။

ဇီးပြားရွာတွင် စစ်သင်တန်းတက်သူများ၏ ဖုန်းဆင်းကတ်များကို စစ်ကောင်စီက သိမ်းဆည်းလေ့ရှိကြောင်း၊ ရွာတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံတို့က ဆန်ထောက်ပံ့ပေးရကြောင်း ထွက်ပြေးလာသည့် ပျူစောထီးများထံမှ သိရသည်ဟု မြိုင် PDF တပ်ရင်းမှူးက ဆိုသည်။

“(စစ်ကောင်စီအတွက် ရိက္ခာကို) ပြည်သူတွေက ပေးရတာ။ ရက်တော့ သတ်မှတ်မထားဘူး။ သူတို့ဆီ ပြတ်သွားတဲ့အခါ ပေးရတာ” ဟု ၎င်းက ပြောသည်။

PDF ထံ ခိုလှုံလာသည့် ပျူစောထီးများနှင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။ ဇီးပြားရွာ အခြေအနေများကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုမြင့်တက်နေရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းနှင့် မကွေးကဲ့သို့သော ဒေသများလည်း အပါအဝင်ဖြစ်သည်။ ထိုဒေသများတွင် လေကြောင်းပါသုံး၍ စစ်ကောင်စီက တိုက်ခိုက်နေသလို ၎င်းတို့ကို ထောက်ခံသည့် ဒေသခံများကို စုစည်း၍ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များဖွဲ့၍ စစ်ရေးလှုပ်ရှားမှုများတွင် အသုံးပြုနေသည်။

တစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ဖြင့် နိုင်ငံအနှံ့ ပြည်သူပိုင် အိုးအိမ် ၂၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ ၉၀ ရာခိုင်နှုန်းကျော်မှာ စစ်ကိုင်းနှင့် မကွေးတိုင်းမှ ဖြစ်သည်ဟု အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar က ဩဂုတ်လကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button