သတင်း

ထီးလင်းတွင် တိုက်ခိုက်ခံရသည့် စစ်တပ်က ရွာမီးရှို့ကာ ဒေသခံတစ်ဦးကို ဖမ်းဆီး

မကွေးတိုင်းအနောက်ပိုင်း ထီးလင်းမြို့နယ်တွင် မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က တောင်ဘက်သို့ ပြန်ဆုတ်ခွာသည့် လမ်းကြောင်းပေါ်ရှိ အောင်းတောင်ရွာကို မီးရှို့ခဲ့ပြီး ဒေသခံ အမျိုးသားတစ်ဦးအား ဖမ်းဆီးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

အောက်တိုဘာ ၂ နံနက် ၁၁ နာရီခန့်က မြို့မှ ထွက်လာသည့် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်း၏ ရှေ့ပြေးအင်အား ၃၀ ခန့်ကို မြို့အရှေ့တောင်ဘက် ဝါးရင်းချိုင်ရွာအနီး ထီးလင်း-PDF မှ တပ်ရင်း ၂၊ တပ်ရင်း ၄ နှင့် ၁၀ တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြသည်။

အထိနာသွားသည့် စစ်ကောင်စီတပ်က အနီးရှိ ကျားခဲရွာဘက်သို့ ဆက်လက်ဆုတ်ခွာသွားရာ ထောင်ထားသည့် တိုက်မိုင်းများကြောင့် စစ်သားများ ထိခိုက်သွားသည်ကို တွေ့ရသည်ဟု ထီးလင်း-PDF တပ်ရင်း (၄) မှ တပ်ရင်းမှူး ဗိုလ်လရောင်က ပြောသည်။

“လက်နက်ကြီးရော၊ တိုက်မိုင်းရော ထိသွားတဲ့အခြေအနေပေါ့၊ လူ ၅ ယောက်လောက်က ကျောပေါ်မှာ ပိုးထားရပြီး ၃ ယောက်လောက်က ထမ်းစင်နဲ့ သယ်သွားရတယ်၊ သေဆုံးမဆုံးတော့ မသိရသေးဘူး” ဟု ဗိုလ်လရောင်က ဆက်ပြောသည်။

စစ်ကြောင်းထိခိုက်မှု ရှိမရှိ စောင့်ကြည့်နေသည့် PDF အဖွဲ့ဝင် ၄ ဦးကိုလည်း စစ်ကောင်စီတပ်က လိုက်လံ ပစ်ခတ်သည့်အတွက် လက်လုပ်သေနတ်တစ်လက် ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

တိုက်ခိုက်မှုပြီးသည့်နောက် အဆိုပါ စစ်ကြောင်းမှာ ထီးလင်းတောင်ဘက် ရွှေအောင်သာရွာသို့ ဆုတ်ခွာသွားရာ ကျားခဲရွာမှ နွားစာကျွေးရန် နွားလွှတ်ပေးနေသည့် အသက် ၅၀ ခန့်ရှိသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး ယနေ့အထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးပေ။ 

ထို့ပြင် ဆုတ်ခွာရာ လမ်းကြောင်းပေါ်ရှိ အောင်းတောင်ရွာမှ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးကာ နွားတစ်ကောင်ကိုလည်း သတ်ဖြတ်စားသောက်သွားသည်ဟု PDF-ထီးလင်းအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ရန်ကြောင့် အနီးအနား ၈ ရွာထက်မနည်းမှ လူဦးရေ ၇၀၀၀ ခန့် ထီးလင်းအရှေ့ဘက် ကျေးရွာများသို့ ယာယီတိမ်းရှောင်ခဲ့ရပြီး ထီးလင်း-PDF နှင့် ပကဖများက ကူညီရသည်ဟု ဆိုသည်။

“စစ်ကောင်စီကလည်း ရွာတစ်ရွာရောက်ရင် ပြည်သူကို ဖမ်းမယ်၊ ရွာကို မီးရှို့မယ်ပေါ့။ သူတို့ရဲ့ လုပ်လေ့လုပ်ထအတိုင်း ကြမ်းကြမ်းတမ်းတမ်း မီးရှို့လူသတ်တဲ့စစ်ကြောင်းဆိုတော့ ဒေသခံတွေကို အတတ်နိုင်ဆုံး ဘေးလွတ်ရာ ပို့ပေးရတယ်” ဟု ‌ဗိုလ်လရောင်က ပြောသည်။

အောက်တိုဘာ ၁၊ ၂ ရက် နေ့များက တိမ်းရှောင်ခဲ့ကြသည့် အဆိုပါ ဒေသခံများမှာ နှစ်ရက်ခန့် တိုက်ပွဲငြိမ်နေသည့်အတွက် ရွာ ၃ ရွာခန့်မှ ဒေသခံအချို့မှာ ယမန်နေ့မှ စတင်ကာ နေရပ်ပြန်နေကြပြီဟု သိရသည်။

အာဏာသိမ်းတပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကိုပင် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာရာ ထိုအထဲတွင် စစ်ကိုင်းတိုင်းအတွင်းမှ ယောဒေသမြို့နယ်များလည်း ပါဝင်ခဲ့သည်။

ချင်း-မကွေး နယ်စပ်မျဉ်းအနီးရှိနေသည့် ထီးလင်းမြို့နယ်မှ ဒေသကာကွယ်ရေးတပ်များမှာ မြို့နယ်အတွင်း လှုပ်ရှားနေသော၊ ချင်းပြည်နယ်အတွင်း ရိက္ခာခဲယမ်း ပို့ဆောင်နေသော စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button