သတင်း

ထီးလင်းတွင် စစ်တပ်က ရွာမီးရှို့ပြီး ရွာသား ၉ ဦးကို ဖမ်းဆီး

မကွေးတိုင်းအနောက်ပိုင်း ထီးလင်းမြို့နယ်တွင် ယမန်နေ့ (စက်တင်ဘာ ၂၇) နံနက်က စစ်ကောင်စီတပ်က ပုဏ္ဏားကျေးရွာကို ဝင်ရောက်စီးနင်းမီးရှို့၍ ဒေသခံများအား ဖမ်းဆီးသွားရာ အများစုကို ပြန်လွှတ်လိုက်သော်လည်း အမျိုးသား ၉ ဦးကို ဆက်ဖမ်းထားသည်ဟု ယောဒေသကာကွယ်ရေးတပ် (YDF) ထီးလင်းထံမှ သိရသည်။

မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ထိုရွာကို စစ်တပ်ဝင်စီးပြီး မွန်းလွဲပိုင်းတွင် ရွာမှ ပြန်ထွက်ခွာစဉ် ရွာသား ၃၀ ကျော်ကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်တွင် ၎င်းတို့ လေ့ကျင့်၊ လက်နက်တပ်ထားပေးသည့် ပျူစောထီးများ ပါဝင်ကြောင်း၊ စုစုပေါင်း အင်အား ၁၂၀ ခန့် ရှိကြောင်း သိရသည်။

ဖမ်းဆီးထားသူအများစုကို ထိုနေ့ မွန်းလွဲပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဆက်လက် အဖမ်းခံထားရသူများနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရသည်။

“အစောပိုင်းက ၇ ယောက်လို့ သိထားတာ၊ နောက်ပိုင်း ပြန်စစ်ကြည့်တဲ့အခါ ၉ ယောက်လို့ သိရတယ်၊ အခုထိတော့ ၉ ယောက်လုံး ပြန်မလွတ်သေးဘူး” ဟု YDF-ထီးလင်းမှ ဗျူဟာမှူးဆိုသူက ပြောသည်။

ဖမ်းဆီးခံထားရသူများထဲတွင်  ဦးမောင်ကြိုင်၊ ဦးမဲပို၊ ဦးဇော်သန်း၊ ဦးတုတ်ကြီးနှင့် အသက်မပြည့်သေးသည့် ၉ တန်းကျောင်းသား သုံးဦးဖြစ်သည့် မောင်မင်းသက်ပိုင်၊ မောင်သူရပိုင်နှင့် မောင်ကျော်လင်းနိုင်တို့ ပါဝင်သည်။ ကျန်သုံးဦး၏ အမည်များကို စိစစ်နေဆဲဟု YDF-ထီးလင်းအဖွဲ့က ဆိုသည်။

ထိုနေ့ နံနက် ၅ နာရီခွဲခန့်တွင် စစ်တပ်နှင့်ပျူများက ရွာကို ပိတ်ဆို့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့သည်ဟု YDF- ထီးလင်းမှ ဗျူဟာမှူးဆိုသူက ပြောသည်။

“ရွာသူရွာသားတွေအကုန်လုံးကို ဘုန်းကြီးကျောင်းထဲ ဝင်ခိုင်းပြီးတော့ ရွာထဲမှာ ကျန်ခဲ့တဲ့ သူတို့တပ်သားတွေက ပစ္စည်းတွေ မွှေနှောက်ရှာဖွေပြီး ယူကြတယ်၊ တော်လှန်ရေးမှာပါတဲ့လူတွေရဲ့ အိမ်ဆိုပြီး အိမ်တွေလည်း မီးရှို့သွားတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်က ရွာတွင်းရှိ တန်ဖိုးရှိ ပစ္စည်းများကို စိတ်ကြိုက်ရှာဖွေကာ နေအိမ် ၄ လုံးကို မီးရှို့ ဖျက်ဆီးကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ဒေသခံများကို ဖမ်းဆီး၍ ထီးလင်းမြို့တွင်းသို့ ပြန်ဝင်သွားကြောင်း သိရသည်။ 

စစ်တပ်က အိမ်မီးမရှို့မီ ပစ္စည်းများ ခိုးယူကြသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရရန်အတွက် အာဏာသိမ်း စစ်ကောင်စီကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

စစ်တပ် ထွက်သွားပြီးနောက် YDF တပ်ရင်း ၃ ခုက ရွာအတွင်း ဝင်ရောက်မီးငြှိမ်းသတ်ကာ နယ်မြေရှင်းလင်းပေးခဲ့သည်ဟု YDF-ထီးလင်းက ထုတ်ပြန်ထားသည်။

စစ်တပ်က ဖမ်းဆီးထားသည့် အမျိုးသားများမှာ YDF-ထီးလင်းနှင့် ပတ်သက်မှုမရှိသည့် သာမန်ရွာသားများသာ ဖြစ်သည်ဟု YDF-ထီးလင်း ဗျူဟာမှူးက ဆိုသည်။

လက်ရှိတွင် ထီးလင်းမြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က ကန့်သတ်ထားပြီး အစစ်အဆေးများ ထူထပ်သောကြောင့် ဖမ်းဆီးခံရသူများအခြေအနေအသေးစိတ်ကို မသိရသေးဟု ၎င်းက ပြောသည်။ 

မြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျှက်ပင်ရှိသော်လည်း ယခင်ကလောက် စည်ကားခြင်း မရှိတော့သလို ရွာများနှင့် မြို့ကို အဆက်ဖြတ်ထားသလိုဖြစ်နေသည့်အတွက် ကုန်စည်စီးဆင်းမှုများလည်း ရပ်တန့်လုနီးပါး ဖြစ်နေသည်ဟု အသက် ၅၀ ခန့်ရှိသည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ပုဏ္ဏားကျေးရွာကို မီးရှို့သည့်စစ်ကြောင်းမှာ ဂန့်ဂေါအခြေစိုက် ခြေလျင်တပ်ရင်း အမှတ် (၅၀) တပ်မှ ဖြစ်သည်ဟု သိရသည်။

စက်တင်ဘာ ၁၈ တွင်လည်း ထီးလင်း-PDF နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ  အညာတောကျေးရွာမှ နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ထို့နောက် စက်တင်ဘာ ၂၀ တွင်လည်း ကံသာရွာနှင့် ကြူသာရွာကြားတွင် စစ်တပ် တိုက်ခိုက်ခံရပြီး ကံသာရွာမှ နေအိမ် ၁၀ လုံးကျော်ကို ထပ်မံမီးရှို့ဖျက်ဆီးသွားသည်ဟု ထီးလင်း-PDF က ယမန်နေ့က ထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တော်လှန်ရေး အားကောင်းလာသည့် မကွေးတိုင်းတွင် ၂၀၂၁ နှစ်လယ်ခန့်မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

ချင်း-မကွေးနယ်စပ်ရှိ ယောဒေသတွင် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်မှာ အင်အား ၂၀၀၀ ခန့် ရှိနိုင်သည်ဟု တော်လှန်ရေးအဖွဲ့အချို့က ခန့်မှန်းထားပြီး နယ်မြေအတွင်းလှုပ်ရှားနေသည့် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းများကို ဒေသကာကွယ်ရေးအဖွဲ့များက အဆက်မပြတ်တိုက်ခိုက်နေသည်။

ချင်းနှင့် မကွေးနယ်စပ် ယောဒေသမှာ တော်လှန်ရေးအင်အား အားကောင်းပြီး YDF အပြင် ဒေသခံကာကွယ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်တချို့ အခြေစိုက်လှုပ်ရှားနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button