သတင်း

အင်းတော်တွင် စစ်သား ၄၀၀ ခန့် စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို အင်းတော်-PDF၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ကျောင်းသားတပ်မတော်(ABSDF) တို့ နှစ်ရက်ဆက်တိုက် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ မှ စတင်၍  မိုးညှင်းမြို့မှ ဆင်းလာသည့် စစ်တပ်နှင့် အင်းတော်မှ စစ်တပ်တို့တွင် အင်အား ၄၀၀ ခန့် ရှိပြီး စစ်ကြောင်း ၅ ကြောင်းခွဲကာ မိုးညှင်းနှင့် အင်းတော်ကြားတွင် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု အင်းတော်-PDF  ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စက်တင်ဘာ ၂၄  နံနက်က အင်းတော်မြို့ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ နန့်စီးအောင်နှင့် မော်လူးကြားတွင် ဒေသကာကွယ်ရေးအဖွဲ့က မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရသည်ဟု ဆိုသည်။

“သေတာလည်းရှိမှာပေါ့၊ အတိအကျတော့မသိဘူး။ ထိခိုက်သွားတဲ့သူတွေအားလုံးကိုတော့ နန့်စီးအောင်ကားဂိတ်ကနေပြီးတော့ အိမ်စီးကားနဲ့ မိုးညှင်းဘက်ကို သယ်သွားတယ်” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နောက်တစ်ရက်တွင် အရပ်သားကားများကို အသုံးပြုပြီး ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို မော်လူးနှင့် နဘားကြားတွင် PDF, KIA နှင့် ABSDF ပူးပေါင်းအဖွဲ့များက မွန်းတည့် ၁၂ နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။

မိနစ် ၃၀ ခန့်ကြာသည့် တိုက်ပွဲတွင် အလစ်အငိုက်ယူ တိုက်ခိုက်နိုင်သည့်အတွက် ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဘဲ စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများကြောင်း အင်းတော်-PDF ထံမှ သိရသည်။

“မော်လူးနဲ့ နဘားကြားထဲမှာပဲ စစ်ကြောင်းခွဲပြီးတော့ ကားနဲ့ ဆင်းခဲ့တာ၊ အဲဒီမှာ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပေါ့၊ အဲဒီမှာ သူတို့ဘက်က နှစ်ကောင်သေသွားတယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်း များတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ အောက်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာခဲ့ပြီး စစ်သားနှစ်ဦး၏ အလောင်းများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နဘားရွာအနီးရှိ ကချင်သင်္ချိုင်း၌ လာရောက်မြှုပ်နှံသွားသည်ဟု သိရသည်။

ထို့ပြင် နဘားရွာလမ်းဆုံအနီးရှိ ဈေးဆိုင်များကို ဝင်ရောက်မွှေနှောက်ပြီး ဖုန်း၊ ဆန်၊ နှင့် အရက်ဘီယာများကိုလည်း ယူသွားကြသည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် အင်းတော်မြို့အဝင်အထွက်လမ်းမကြီးများကို ယနေ့ မွန်းလွဲအထိ ပိတ်ထားခဲ့ပြီး မြို့အထွက်တွင် ပိတ်မိနေသည့် ကားများကို စစ်ကောင်စီတပ်က တစ်စီး ကျပ် ၅၀၀၀ နှုန်းဖြင့် လိုက်တောင်းနေသည်ဟု အသက် ၄၀ ခန့်ရှိသည့် အင်းတော်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လယ်ပြင်ရွာဘက်မှာ ပိတ်ထားတာကြောင့်မို့လို့ ကားတန်းရှည်သွားတာ၊ ကသာဘက်ရော မော်ဟန်ရော အဲဒီဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေ နည်းနည်းရှိလို့” ဟု သူက ဆိုသည်။

မွန်းလွဲ ၃ နာရီခန့်တွင်မူ ကားလမ်းများ ပြန်လည်ပွင့်သွားခဲ့သည်ဟု သိရပြီး မြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိသည်ဟု သိရသည်။

ယနေ့ နံနက်မှ စတင်၍ စစ်ကောင်စီစစ်ကြောင်းအားလုံးနီးပါး အင်းတော်အနောက်မြောက်ဘက် တောများသို့ ဦးတည်ကာ စစ်ကြောင်းထိုးနေ၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားမည့်အခြေအနေများရှိသည်ဟု အင်းတော်-PDF အဖွဲ့က ဆိုသည်။

“အတွင်းသတင်းအရ‌တော့ သူတို့က ကျွန်တော်တို့ နေရာတွေကို သိနေတယ်၊ အခုကတော့ တိုက်ပွဲမဖြစ်သေးဘူး၊ ဒါပေမဲ့ ဖြစ်တော့ဖြစ်မှာ” ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများအပါအဝင် နိုင်ငံအနှံ့တွင် လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်မြို့များမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် အားကောင်းလျက်ရှိပြီး အင်းတော်မြို့အပါအဝင် စစ်ကိုင်းတိုင်းမြောက်ပိုင်းတစ်ခုလုံးတွင် တိုက်ပွဲများ ပြင်းထန်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button