သတင်း

တောင်သာတွင် ရိုင်ဖယ်ဆောင်ထားသည့် အုပ်ကြီး ပစ်သတ်ခံရ 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စက်တင်ဘာ ၂၁ ရက်က ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရသည်ဟုလည်း သိရသည်။

တောင်သာမြို့ အရှေ့မြောက်ဘက် ၇ မိုင်ကျော်အကွာ လှည်းကူးမရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်းအောင်ကျော်ဆိုသူကို သွားရောက်ရှင်းလင်းစဉ် ပြန်လည်ခုခံသော်လည်း လုပ်ကြံနိုင်ခဲ့ပြီး M-22 အမျိုးအစား ရိုင်ဖယ်သေနတ်တစ်လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိသည်ဟု မြို့ခံပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

“အုပ်ကြီးထွန်းအောင်ကျော်လားလို့ စမေးတဲ့အချိန်မှာ သူက အရင်ပစ်တာ။ ကျွန်တော်တို့က စမပစ်ဘူး။ သူ့ဘေးနားမှာ ကလေးတွေရှိနေတဲ့အတွက် မပစ်ဘူး။ ဒါပေမဲ့ သူက ဝါးတစ်ရိုက်အကွာကနေ စပစ်တာ။ ကျွန်တော်တို့ ရဲဘော်တွေတော့ ရှောင်လိုက်နိုင်တယ်။ ကျွန်တော်တို့ ညှပ်ပစ်သလို ဖြစ်တဲ့အချိန်မှာ သူ့ကို ထိသွားတယ်” ဟု ဒေသအခြေစိုက် TTA အမည်ရ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံက ပြောသည်။

အသက် ၃၅ နှစ်အရွယ် ထွန်းအောင်ကျော်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ်အစပ်ရှိ လှည်းကူးမရွာ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံသူဖြစ်သည်ဟု သိရသည်။

၎င်းတို့အဖွဲ့ ရောက်သွားချိန်တွင် ကလေးငယ်အချို့ ရှိနေသည့်အတွက် စတင်ပစ်ခတ်ခြင်း မပြုဘဲ စကားပြောရန် ကြိုးပမ်းစဉ် ထွန်းအောင်ကျော်က လက်ဦးမှုယူကာ ပစ်ခတ်ခြင်းဖြစ်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် TTA ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ ၂ မှ တာဝန်ခံက ပြောသည်။ 

“သူက ကလေးတွေကို ကျော်ပြီး ထပစ်တာ။ ကလေးတွေလည်း လွတ်သွားတော့မှ ကျွန်တော်တို့ဘက်က ရဲဘော်တွေက ပစ်ရတာ” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီခန့် အုပ်ကြီးဖြစ်သူ ထွန်းအောင်ကျော်သည် လက်နက်အားကိုးဖြင့် ပြည်သူကို အနိုင်ကျင့်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်သည်ဟုလည်း ထိုပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ဆိုသည်။

အသက် ၃၅ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ထွန်းအောင်ကျော်ကို ပစ်သတ်ခံရပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

“သူက ပြည်သူကို သတ်မယ်၊ ဖြတ်မယ် ခြိမ်းခြောက်တယ်။ လောင်းကစားဝိုင်းတွေကိုလည်း သူ့အမိန့်နဲ့ ဖွင့်ထားတယ်။ ဆက်ကြေးကောက်တယ်။ PDF တွေကို ကူညီရင် အိမ်တွေ မီးတိုက်ရှို့မယ်လို့ ခြိမ်းခြောက်တယ်။ သူ့ကြောင့်လည်း ပြေးနေရတာ အများကြီးရှိတယ်။ လက်နက်လည်း ရှိနေတဲ့အတွက်ကြောင့် ဝင်ရှင်းဖြစ်တာ” ဟု ၎င်းက ပြောသည်။

အုပ်ချုပ်ရေးမှူး ထွန်းအောင်ကျော် လုပ်ကြံခံရပြီး နာရီပိုင်းအကြာတွင် စစ်တပ်က လှည်းကူးမရွာတောင်ဘက် တစ်မိုင်ကျော်အကွာ ငွေသောင်းရွာနှင့် ဇရပ်ကြီးရွာတို့ကို ဝင်ရောက်၍ သံသယရှိသည့် အရပ်သားများကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။ 

“အဲဒီဖြစ်စဉ်ပြီးတော့ အဲဒီနားပတ်ဝန်းကျင်မှာ တောနင်းရှာတယ်။ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းသွားတယ်။ လောလောဆယ်တော့ တောင်သာမြို့စစ်ကြောရေးမှာလို့ သိရတယ်” ဟု TTA ပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ ၂ မှ တာဝန်ခံက ပြောသည်။

ထိုပြောက်ကျားတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကလည်း ဖမ်းဆီးခံရသူများမှာ ၎င်းတို့အဖွဲ့နှင့် ဆက်စပ်မှု မရှိကြောင်း ပြောသည်။ 

“အရင်တုန်းက NLD ဖြစ်ခဲ့တယ်။ တက်ကြွလှုပ်ရှားတယ်ဆိုပြီး ဖမ်းတာ။ ကျွန်တော်တို့ တော်လှန်ရေးသမားတွေနဲ့လည်း ဆက်စပ်မှု မရှိဘူး” ဟု ၎င်းက ဆိုသည်။ 

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့အခြေစိုက် TTA ပြောက်ကျားတပ်၊ The Value of Young Men၊ မြင်းခြံမြို့အခြေစိုက် မြေလတ် PDF, Myingyan Black Tiger အဖွဲ့၊ နွားထိုးကြီးမြို့အခြေစိုက် Natogyi Regional Defense Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုအပတ်အတွင်း စစ်တပ်ကို ထောက်ခံသော ကြံခိုင်ရေးပါတီ အားကောင်းသည့် တောင်သာမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ထွန်းအောင်ကျော်အပါအဝင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် သတင်းပေး စုစုပေါင်း ၄ ဦး ပစ်သတ်ခံထားရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ညနေ ၅ နာရီခန့်က တောင်သာမြို့အနောက်ဘက်ရှိ ခြုံကြီးအနောက်ရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဌေးလှိုင်ဆိုသူကို နေအိမ်၌ ဒေသအခြေစိုက် The Value of Young Men အဖွဲ့က ပစ်သတ်ခဲ့သည်။

အလားတူ စက်တင်ဘာ ၁၉ နံနက်တွင် ကျောက်ပုံရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနှင့် သတင်းပေး ကိုဝင်းစော ဆိုသူတို့ ပစ်သတ်ခံရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button